သတိုး
၂၇. ၅. ၂၀၂၆
နာမည်ကျော် Netflix သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲ “3 Body Problem” နှင့် ပတ်သက်၍ အလုပ်အကိုင်ဆိုင်ရာ အငြင်းပွားမှုဖြစ်ပွားကာ ဂိမ်းလုပ်ငန်းရှင် ဘီလျံနာသူဌေးကြီးတစ်ဦးကို အဆိပ်ခတ်သတ်ဖြတ်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်ဟောင်း အမျိုးသားတစ်ဦးအား တရုတ်အာဏာပိုင်များက သေဒဏ်စီရင်လိုက်ပြီဖြစ်ကြောင်း ပြည်တွင်းသတင်းများက အင်္ဂါနေ့ (မေ ၂၆ ရက်) တွင် ဖော်ပြခဲ့သည်။
တရုတ်အာဏာပိုင်များသည် ဂိမ်းလုပ်ငန်းရှင် လင်ချီ (Lin Qi) အား ပြင်းထန်အဆိပ်သင့်ပစ္စည်းများ အသုံးပြု၍ သတ်ဖြတ်ခဲ့မှုဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံထားရသူ ရှုယောင်း (Xu Yao) ကို သေဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။
အသတ်ခံရသူ လင်ချီသည် ရှန်ဟိုင်းအခြေစိုက် Yoozoo Games ကုမ္ပဏီ၏ တည်ထောင်သူဖြစ်ပြီး၊ အဆိုပါကုမ္ပဏီသည် ကမ္ဘာကျော် သိပ္ပံစိတ်ကူးယဉ် စာအုပ်သုံးတွဲ၏ ပထမဆုံးစာအုပ်အမည်ဖြစ်သော “The Three-Body Problem” ကို ရုပ်ရှင်နှင့် ဗီဒီယိုအဖြစ် အသွင်ပြောင်းရိုက်ကူးခွင့် မူပိုင်ခွင့်ကို ရရှိထားသည့် ကုမ္ပဏီဖြစ်သည်။ တရုတ်စာရေးဆရာ လျိုချီရှင်း (Liu Cixin) ရေးသားခဲ့သော အဆိုပါ သိပ္ပံစိတ်ကူးယဉ်စာအုပ်တွဲ သုံးတွဲကို ဘာသာစကားပေါင်း ၄၀ ကျော်သို့ ပြန်ဆိုခဲ့ပြီးဖြစ်ကာ၊ ၂၀၂၄ ခုနှစ်တွင် ထွက်ရှိခဲ့သည့် Netflix ၏ နာမည်ကြီး “3 Body Problem” ဇာတ်လမ်းတွဲ အပါအဝင် တီဗီဗီဒီယိုများနှင့် ဂိမ်းထုတ်လုပ်မှုများအဖြစ်ပါ ဖန်တီးခဲ့ကြသည်။
Yoozoo Games ၏ လက်အောက်ခံကုမ္ပဏီတစ်ခုတွင် အကြီးအကဲဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ရှုယောင်းသည် ၎င်း၏အထက်လူကြီးဖြစ်သူအား Netflix နှင့် သဘောတူညီချက်ရရှိအောင် ကူညီပေးခဲ့ပြီးနောက်ပိုင်းတွင် တည်ထောင်သူ လင်ချီ၏ ဘေးဖယ်ထုတ်ခြင်းကို ခံခဲ့ရသဖြင့် မကျေနပ်ရာမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် လင်ချီကို အဆိပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
ထို့ကြောင့် ရှုယောင်းအား ၂၀၂၄ ခုနှစ်တွင် လူသတ်မှုဖြင့် ပြစ်ဒဏ်စီရင်ခဲ့ပြီး တရုတ်အစိုးရက ယခု မေလ ၂၁ ရက်နေ့တွင် သေဒဏ်စီရင်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်မီဒီယာများက ဆိုသည်။ လင်ချီ၏ ကုမ္ပဏီကလည်း တရုတ်လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုဖြစ်သည့် ဝေဘို (Weibo) ရှိ ၎င်းတို့၏ ထုတ်ပြန်ချက်တွင် သေဒဏ်စီရင်မှုကို အင်္ဂါနေ့က အတည်ပြုခဲ့သည်။
လင်ချီ တည်ထောင်ခဲ့သည့် Yoozoo Games ကုမ္ပဏီ၏ လက်အောက်ခံ မူပိုင်ခွင့်ကုမ္ပဏီ ဖြစ်သော Three-Body Universe ကလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် “မကြာသေးမီက Three-Body Universe ကို တည်ထောင်သူ မစ္စတာ လင်ချီနဲ့ ပတ်သက်တဲ့ အမှုဟာ နောက်ဆုံးမှာတော့ နိဂုံးချုပ်သွားခဲ့ပြီး တရားမျှတမှုကို ဖော်ဆောင်နိုင်ခဲ့ပါပြီ။ တရားဥပဒေစိုးမိုးရေးအတွက် ကျွန်တော်တို့ ကုမ္ပဏီမှာရှိတဲ့သူအားလုံးက အထူးပဲ ကျေးဇူးတင်ရှိပါတယ်” ဟု ရေးသားထားသည်။
ရှုယောင်းသည် အွန်လိုင်းမှတစ်ဆင့် အဆိပ်ရှိသော မှိုများတွင် တွေ့ရလေ့ရှိသည့် သေစေနိုင်သော ဒြပ်ပေါင်းတစ်မျိုးဖြစ်သည့် အယ်လ်ဖာ-အာမန်နီတင် (Alpha-amanitin) အပါအဝင် အလွန်ပြင်းထန်သော အဆိပ်သင့်ပစ္စည်းများကို ဝယ်ယူရန်အတွက် ယွမ်ငွေ သိန်းချီ (ဒေါ်လာသောင်းချီ) သုံးစွဲခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။ ၎င်းသည် အဆိုပါအဆိပ်များကို ပရိုဘိုင်အိုတစ် (Probiotic) အားဆေးတောင့်များအတွင်း သိုဝှက်ထည့်သွင်းခဲ့သည့်အပြင် ကော်ဖီတောင့်များ၊ ရေဘူးများနှင့် ဝီစကီပုလင်းများအတွင်းသို့ပါ ထည့်သွင်းကာ လင်ချီနှင့် အခြားကုမ္ပဏီဝန်ထမ်းများကို တိုက်ကျွေးခဲ့ခြင်း ဖြစ်သည်။
လင်ချီသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် နေမကောင်းဖြစ်ပွားခဲ့ပြီးနောက် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရသော်လည်း ရက်အနည်းငယ်အကြာ အသက် ၃၉ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။ အခြားဝန်ထမ်းအချို့လည်း ဝေဒနာခံစားခဲ့ရသော်လည်း ပြန်လည်သက်သာလာခဲ့ကြောင်း ပြည်တွင်းသတင်းများအရ သိရသည်။
“The Three-Body Problem” စာအုပ်တွဲသည် တရုတ်နိုင်ငံတွင်း၌သာမက ပြည်ပတွင်ပါ အလွန်ရေပန်းစားခဲ့သည်။ စာရေးဆရာ လျိုသည် ယင်းအမျိုးအစားစာပေတွင် အမြင့်ဆုံးဆုဖြစ်သည့် နာမည်ကျော် ဟူဂိုဆု (Hugo Award) ကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့သည့် တရုတ်စာရေးဆရာ ဖြစ်လာခဲ့သည်။ နိုင်ငံတွင်း၌လည်း ယင်းလက်ရာများသည် ရုပ်ရှင်များ၊ ဗီဒီယိုဂိမ်းများ၊ စာအုပ်များ၊ မဂ္ဂဇင်းများနှင့် ပြပွဲများအထိ ပါဝင်သော သိပ္ပံစိတ်ကူးယဉ် (Sci-fi) လုပ်ငန်းကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေးနိုင်ခဲ့ကြောင်း သိရသည်။
Ref: Mirror
