◾️ ထိုင်းပြည်တွင်းကုမ္ပဏီများအနေဖြင့် ဝယ်ယူနိုင်စွမ်းအား အလွန်ကောင်းမွန်သည့် ဈေးကွက်သစ်ကို လက်လွှတ်ဆုံးရှုံးနေရဟုပါ သတိပေး
သတိုး
၂၆. ၅. ၂၀၂၆
ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသား ၄ သန်းခန့်သည် တစ်နှစ်လျှင် ဘတ် ၂၂၁ ဘီလျံ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလျံခန့်) တန်ဖိုးရှိသည့် စားသုံးသူဈေးကွက်ကြီးအဖြစ် တည်ရှိနေသော်လည်း ထိုင်းပြည်တွင်းကုမ္ပဏီ အများစုမှာ ယင်းဈေးကွက်ကို သတိမပြုမိဘဲ လျစ်လျူရှုထားမိကြကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် ကွင်းဆင်းစျေးကွက်သုတေသန၊ ဒစ်ဂျစ်တယ်စျေးကွက်ဗျူဟာနှင့် စီးပွားရေးအကြံပေးလုပ်ငန်းများ လုပ်ကိုင်သည့် သုတေသနနှင့် အကြံပေးကုမ္ပဏီ (Consultancy & Market Research Firm) တစ်ခုဖြစ်သော Happio ကုမ္ပဏီ၏ လေ့လာမှုတစ်ရပ်က ဖော်ထုတ်လိုက်သည်။
ထိုင်းကုမ္ပဏီအများစုသည် သမရိုးကျ အမြင်ဟောင်းများအတိုင်း မြန်မာရွှေ့ပြောင်းလုပ်သားများကို ရိုးရှင်းသည့် ကာယလုပ်သားများအဖြစ်သာ ဆက်လက်ရှုမြင်နေကြပြီး ၎င်းတို့သည် ဝယ်ယူနိုင်စွမ်းအား မြင့်မားကာ လူနေမှု အဆင့်အတန်း မြှင့်တင်လိုစိတ်ရှိသည့် စားသုံးသူအုပ်စုသစ် (Aspirational Consumers) အဖြစ် ပြောင်းလဲတိုးတက်လာနေမှုကို သတိမပြုမိကြသဖြင့် ဤစီးပွားရေးအခွင့်အလမ်းကြီးကို လက်လွှတ်ဆုံးရှုံးနေရခြင်းဖြစ်သည်။

Happio အကြံပေးကုမ္ပဏီ၏ အထူးမှတ်တိုင်တစ်ခုဖြစ်သော သုတေသနပြုချက်အရ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား ၄ သန်းသည် ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် လက်လီအရောင်းကဏ္ဍအတွင်းသို့ နှစ်စဉ် ဘတ် ၂၂၁ ဘီလျံခန့် လှည့်ပတ်စီးဆင်းစေလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ သမရိုးကျစားသုံးသူဈေးကွက်မှာ ရောင်းလိုအား အလွန်အမင်းပြည့်နှက် (Saturation) လာနေပြီဖြစ်သော်လည်း ထိုင်းနိုင်ငံတွင်းရှိ မြန်မာစားသုံးသူဈေးကွက်မှာမူ ပြည်တွင်းအမှတ်တံဆိပ်များ သတိမထားမိဘဲ ကျန်ရစ်နေသည့် အလားအလာကောင်းမွန်သော “လွတ်လပ်သည့် ဈေးကွက်သစ်” (Blue Ocean Market) အဖြစ် လျင်မြန်စွာ ပေါ်ထွက်လာနေသည်။
“The Myanmar Market in Thailand 2026: Surpassing 221 Billion Baht” (၂၀၂၆ ခုနှစ် ထိုင်းနိုင်ငံတွင်းရှိ မြန်မာဈေးကွက် – ဘတ် ၂၂၁ ဘီလျံ ကျော်လွန်လာခြင်း) အမည်ရှိ Happio ကုမ္ပဏီ၏ ဘက်စုံစျေးကွက်အစီရင်ခံစာအရ မြန်မာရွှေ့ပြောင်းလူထု၏ အဆိုပါ နှစ်စဉ်အသုံးစရိတ်ပမာဏသည် ၎င်းတို့ ထိုင်းနိုင်ငံအတွင်း ရှာဖွေရရှိသည့် စုစုပေါင်းဝင်ငွေ၏ ၆၅ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။
ဤအချက်အလက်များသည် ကြီးမားသော မက်ခရိုစီးပွားရေး အပြောင်းအလဲကို ဖော်ညွှန်းနေသည်။ ယခင်က ကုမ္ပဏီများ၏ မဟာဗျူဟာဌာနများက မြန်မာလူထုကို လုပ်ခလစာနည်းပါးသည့် ကာယလုပ်သားအဖြစ်သာ ရှုမြင်ခဲ့ကြသော် လည်း လက်ရှိတွင် ၎င်းတို့သည် သုံးစွဲနိုင်သော ပိုလျှံဝင်ငွေ (Disposable Income) ရှိပြီး မိမိတို့စိတ်ကြိုက် လူနေမှုပုံစံဖြင့် ကဏ္ဍစုံတွင် အလုံးအရင်း သုံးစွဲနိုင်သည့် စားသုံးသူအုပ်စုအဖြစ်သို့ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။
Happio Co., Ltd. ၏ စီအီးအိုဖြစ်သူ မစ္စတာ နတီး ဂျာရာယာဘန် (Natee Jarayabhand) က ကုမ္ပဏီများ၏ ပေါ့ဆမှုကြောင့် ဤမျှကြီးမားသော ဈေးကွက်အလားအလာကို အသုံးမချနိုင်ဘဲ ဖြစ်နေရကြောင်း ထောက်ပြခဲ့သည်။
“လက်ရှိအချိန်မှာ ထိုင်းနိုင်ငံက မြန်မာစားသုံးသူဈေးကွက်ဟာ အလွတ်ဈေးကွက်အသေးစားလေး မဟုတ်တော့ပါဘူး။ ဒါဟာ ပြည်တွင်းဝယ်ယူနိုင်စွမ်းအားရဲ့ အဓိကမောင်းနှင်အားတစ်ခု ဖြစ်လာပါပြီ” ဟု မစ္စတာ နတီးက ပြောကြားခဲ့သည်။ “ထိုင်းအမှတ်တံဆိပ် တော်တော်များများကတော့ သူတို့ကို စက်ရုံအလုပ်သမားတွေအဖြစ်ပဲမြင်တဲ့ အမြင်ဟောင်းတွေထဲမှာ ပိတ်မိနေတုန်းပါပဲ။ တကယ်တမ်းတော့ ကျွန်တော်တို့ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်လုပ်သားတွေနဲ့ မိမိတို့ရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ဖို့အတွက် အသုံးစရိတ်အမြောက်အမြား သုံးစွဲနေကြတဲ့ မျိုးဆက်သစ် မြန်မာမိသားစုတွေ တိုးတက်လာနေတာကို မြင်တွေ့နေရတာပါ။ ဒီစားသုံးသူတွေကို အရင်ဆုံး နားလည်သဘောပေါက်ပြီး ဈေးကွက်ထဲ ဝင်ရောက်နိုင်သူတွေကပဲ စီးပွားရေးအကျိုးအမြတ်တွေကို ရရှိသွားမှာဖြစ်ပါတယ်”ဟုလည်း ယင်းကဆိုသည်။
အဆိုပါသုတေသနအရ စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍသည် စုစုပေါင်းအသုံးစရိတ်၏ ၁၇ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ဘတ် ၅၉ ဘီလျံကျော်သုံးစွဲနေကာ သုံးစွဲမှုအများဆုံး ဖြစ်ပြီး ၎င်းနောက်တွင် နေထိုင်မှုစရိတ်က ၁၃.၈ ရာခိုင်နှုန်း(ဘတ် ၄၇ ဘီလျံခန့်)၊ သယ်ယူပို့ဆောင်ရေးစရိတ်က ၈ ရာခိုင်နှုန်း (ဘတ် ၂၅ ဘီလျံခန့်) နှင့် တစ်ကိုယ်ရေသုံးပစ္စည်းကဏ္ဍက ၄.၄ ရာခိုင်နှုန်း (ဘတ် ဘီလျံ ၂၀ ခန့်) ဖြင့် အသီးသီး နောက်ကလိုက်လျက်ရှိသည်။ ဤနေ့စဉ်အသုံးစရိတ်များသည် ၎င်းတို့ဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းကျော်ရှိသဖြင့် လက်လီဆိုင်များ၊ ၂၄ နာရီစတိုးဆိုင်ကွန်ရက်များနှင့် မရှိမဖြစ် ဝန်ဆောင်မှုလုပ်ငန်းများအတွက် မြန်မာလူထုမှာ အဓိကအားထားရသည့် စားသုံးသူများ ဖြစ်လာသည်။
နယ်စပ်ဖြတ်ကျော် ဈေးကွက်ကျွမ်းကျင်သူနှင့် “Natty Loves Myanmar” ပလက်ဖောင်းကို တည်ထောင်သူ မစ္စ အိုရဝီ တန်မီးဆန်း (Orawee Tangmeesang) က ဈေးကွက်မဟာဗျူဟာများ အနေဖြင့် ဈေးနှုန်းအပြိုင်အဆိုင် လျှော့ချခြင်းတစ်ခုတည်းအပေါ်တွင်သာ အာရုံမစိုက်သင့်တော့ကြောင်း အလေးပေးပြောကြားခဲ့သည်။
“ခေတ်သစ် မြန်မာစားသုံးသူတွေဟာ ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူတော့မယ်ဆိုရင် ဈေးနှုန်းတစ်ခုတည်းအပေါ်မှာပဲ ကြည့်ပြီး ဆုံးဖြတ်တော့တာ မဟုတ်ပါဘူး” ဟု မစ္စ အိုရဝီက သုံးသပ်ပြခဲ့သလို “သူတို့ဟာ အမှတ်တံဆိပ်ရဲ့ တန်ဖိုး (Brand Equity)၊ အသိုင်းအဝိုင်းကြား ယုံကြည်မှုနဲ့ ယဉ်ကျေးမှုအရ အသိအမှတ်ပြုမှုတွေကို ပိုပြီးဦးစားပေးပါတယ်။ ဒီလူဦးရေရဲ့ အများစုဟာ နေ့စဉ်အချက်အလက်တွေနဲ့ အရောင်းအဝယ်အတွက် လူမှုကွန်ရက် (Social Media) ကို အဓိကသုံးစွဲကြပြီး မိမိတို့အသိုင်းအဝိုင်းအလိုက် စုစုစည်းစည်း နေထိုင်လေ့ရှိကြတာကြောင့် တစ်ဆင့်စကားတစ်ဆင့်ကြား ယုံကြည်စိတ်ချရမှု (Word-of-mouth) က အလွန်အရေးကြီးပါတယ်။ ဒေသတွင်း အသိုင်းအဝိုင်းအဆင့်အထိ အမှတ်တံဆိပ်အပေါ် သစ္စာရှိမှု (Brand Loyalty) တည်ဆောက်နိုင်ရင် စားသုံးသူအင်အားကို အဆမတန် တိုးချဲ့ရရှိနိုင်မှာပါ”ဟုလည်း ဆက်လက်ပြောကြားသည်။
ပထဝီဝင်အနေအထားအရ အဆိုပါ ဝယ်ယူနိုင်စွမ်းအား အမြင့်မားဆုံးအုပ်စုများသည် အလယ်ပိုင်း စက်မှုဇုန်များနှင့် နယ်စပ်စီးပွားရေးဇုန်များတွင် အများဆုံးရှိနေပြီး ၃၁ ဒသမ ၈ ရာခိုင်နှုန်းမှာ ဘန်ကောက်နှင့် ဆင်ခြေဖုံးမြို့များတွင်လည်းကောင်း၊ ၃၉ ဒသမ ၂ ရာခိုင်နှုန်းမှာ အလယ်ပိုင်းလွင်ပြင်ဒေသများတွင်လည်းကောင်း နေထိုင်လျက်ရှိကြသည်။
အထူးသဖြင့် စမွတ်စခွန် (Samut Sakhon) ကဲ့သို့သော စက်မှုဇုန်များနှင့် တက်ခ် (Tak)၊ ရနောင်း (Ranong) ကဲ့သို့သော နယ်စပ်ကုန်သွယ်ရေးမြို့များသည် ကွင်းဆင်းစျေးကွက်မြှင့်တင်ရေး (Offline Activations) လုပ်ဆောင်ရန် အကောင်းဆုံးနေရာများအဖြစ် ထည့်သွင်းဖော်ပြထားသည်။
အစီရင်ခံစာ၏ နိဂုံးချုပ်ချက်အရ ကုမ္ပဏီများအနေဖြင့် လွယ်လွယ်ကူကူ ကြော်ငြာရုံမျှသာ လုပ်ဆောင်သည့် နည်းလမ်းဟောင်းများကို ကျော်လွန်စဉ်းစားရတော့မည်ဖြစ်ပြီး ကြော်ငြာစာသားများကို မြန်မာဘာသာသို့ ပြန်ဆိုရုံမျှဖြင့် မလုံ လောက်တော့ကြောင်း ထောက်ပြထားသည်။
အနာဂတ်တွင် ပြိုင်ဘက်အလွန်များပြားလာမည့် “ပြင်းထန်သော ပြိုင်ဆိုင်မှုဈေးကွက်” (Red Ocean) သို့ မပြောင်းလဲမီ ရေရှည်စျေးကွက်ဝေစုကို အရယူနိုင်ရန်အတွက် ကုမ္ပဏီများအနေဖြင့် မြန်မာလူထု၏ စစ်မှန်သော ယဉ်ကျေးမှုနောက်ခံ၊ ၎င်းတို့ ကြုံတွေ့နေရသည့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲ (Pain points) များကို နက်နက်ရှိုင်းရှိုင်း နားလည်ပြီး ဦးဦးဖျားဖျား ဈေးကွက်ထိုးဖောက်မည့် မဟာဗျူဟာ (First-mover strategy) ကို အသုံးပြုရမည်ဖြစ်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြထားသည်။
Ref : The Nation Thailand
