သတိုး
၂၆. ၅. ၂၀၂၆
မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ စစ်တက္ကသိုလ် (Military Academy of Belarus) သို့ သွားရောက်လေ့လာခဲ့ကြောင်း ဘယ်လာရုစ် ကာကွယ်ရေးဝန်ကြီးဌာန၏ ပြန်ကြားရေးဌာနကို ကိုးကား၍ နိုင်ငံပိုင် BelTA သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ လာရောက်လည်ပတ်သည့် ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အရာရှိ၊ စစ်သည်များ လေ့ကျင့်သင်ကြားရေးစနစ်ကို လေ့လာခဲ့ကြပြီး၊ စစ်ဘက်ဆိုင်ရာ ပညာရေးကဏ္ဍတွင် ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စစ်တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မောင်းသူမဲ့လေယာဉ် (Drone) စနစ်များ အထူးလေ့ကျင့်ရေးနှင့် တိုက်ပွဲဝင်အသုံးပြုမှုဆိုင်ရာ ဌာနခွဲသို့ သွားရောက်ခဲ့ပြီး၊ စစ်ဗျူဟာအဆင့် ကွပ်ကဲမှုစနစ် Tactical-level command simulator complex လုပ်ဆောင်ပုံများကို ကြည့်ရှုလေ့လာခဲ့ကြသည့်အပြင်၊ စစ်တက္ကသိုလ်၏ IT ဌာနခွဲက တီထွင်ဖန်တီးထားသည့် အခြားသော နည်းပညာဆိုင်ရာ တိုးတက်မှုများကိုလည်း စစ်ဆေးကြည့်ရှုခဲ့ကြသည်။
ခရီးစဉ်၏ နောက်ဆုံးအဆင့်အနေဖြင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ် လေတပ်နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ ဗဟိုကွပ်ကဲမှုရုံး (Central command post) သို့ပါ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
Ref : BelTA
