သက်တံ့
၂၆. ၅. ၂၀၂၆
တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်တွင် ဖျက်သိမ်းဆဲ ခုံးကျော်တံတားတစ်ခု၏ တစ်စိတ်တစ်ပိုင်းသည် အင်္ဂါနေ့ (မေလ ၂၆ ရက်) မွန်းလွဲပိုင်းတွင် ပြိုကျခဲ့သဖြင့် ဘေးကင်းလုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်နေသည့် လူ သုံးဦး သေဆုံးပြီး အခြားလူ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်နှင့် မြို့တော်အာဏာပိုင်များက ပြောကြားခဲ့သည်။
ဆိုးလ်မြို့လယ်ရှိ ရထားလမ်းကူးတစ်ခုအနီးရှိ တံတား၏ ရှည်လျားသော အစိတ်အပိုင်းတစ်ခုသည် အောက်ဘက်ရှိ လမ်းမပေါ်သို့ ပြိုကျပျက်စီးနေပြီး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို ရုပ်သံမှတ်တမ်းများတွင် တွေ့မြင်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်မှာ အင်္ဂါနေ့ နံနက်အစောပိုင်းက ကွန်ကရစ်ချပ်များကို ဖြတ်တောက်နေစဉ်အတွင်း တံတားအောက်ခြေတည်ဆောက်ပုံ၏ အစိတ်အပိုင်းအချို့ အနည်းငယ် နိမ့်ဆင်းသွားသည်ကို အလုပ်သမားများက သတိပြုမိခဲ့ကြသဖြင့် ဘေးကင်းလုံခြုံရေး စစ်ဆေးရန်အတွက် ဖြိုဖျက်မှုလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းခဲ့ကြောင်း ဆိုးလ်မြို့တော်အရာရှိတစ်ဦးက ပြောသည်။
သို့သော်လည်း ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဖျက်သိမ်းဆဲတံတား၏ တံတားတိုင်များနှင့် အောက်ခြေတည်ဆောက်ပုံများကို ဘေးကင်းလုံခြုံရေး ကျွမ်းကျင်သူများ ဝင်ရောက်စစ်ဆေးနေစဉ်အတွင်း တံတားအစိတ်အပိုင်း ပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါအရာရှိက ဖြည့်စွက်ပြောကြားခဲ့သည်။
မီးသတ်အရာရှိတစ်ဦး၏ အဆိုအရ သေဆုံးနှင့် ဒဏ်ရာရရှိခဲ့သူများအားလုံးသည် ဘေးကင်းလုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်နေကြသည့် မြို့တော်အများပြည်သူဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အဆင့်မြင့်အရာရှိများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျွမ်းကျင်သူတစ်ဦးတို့ ဖြစ်ကြကြောင်း ကနဦးသတင်းများအရ သိရသည်။
Ref : SCMP
