သတိုး
၂၆. ၅. ၂၀၂၆
ဘယ်လာရုစ်နိုင်ငံ သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Aleksandr Lukashenko) သည် ဂျော်ဒန်၊ အိုမန်၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့နှင့် ချုပ်ဆိုထားသော နိုင်ငံတကာသဘောတူညီချက်များ အတည်ပြုခြင်းဆိုင်ရာ ဥပဒေများကို လက်မှတ်ရေးထိုးလိုက်ကြောင်း ဘယ်လာရုစ်သမ္မတရုံး၏ ပြန်ကြားရေးဌာနကို ကိုးကား၍ နိုင်ငံပိုင် BelTA သတင်းဌာနက ဖော်ပြခဲ့သည်။
လူကာရှန်ကိုသည် ဘယ်လာရုစ်နှင့် ဂျော်ဒန်အစိုးရအကြား ဝင်ငွေခွန်အပေါ် နှစ်ထပ်အခွန်ကောက်ခံမှု ရှောင်ရှားရန်နှင့် အခွန်ရှောင်ကိစ္စရပ်များကို တားဆီးရန် သဘောတူညီချက်ကို ပထမဆုံး အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါစာချုပ်သည် နှစ်နိုင်ငံလုံးရှိ နေထိုင်သူများအတွက် ဝင်ငွေခွန်၊ အမြတ်ခွန်နှင့် တစ်ကိုယ်ရည်ဝင်ငွေခွန်များအပေါ် နှစ်ထပ်အခွန်ကောက်ခံရမှု မရှိစေရန်၊ အခွန်ကောက်ခံမှုတွင် နှစ်ဖက်အာဏာပိုင်များ၏ စီရင်ပိုင်ခွင့်ကို သတ်မှတ်ရန်နှင့် အခွန်ဌာနများအကြား အချက်အလက်ဖလှယ်ရန် ရည်ရွယ်သည်။
ထို့ပြင် ဘယ်လာရုစ်နှင့် အိုမန်အစိုးရအကြား ချုပ်ဆိုထားသည့် နိုင်ငံတကာ ကုန်းလမ်း ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ သဘောတူညီချက်တွင် ကုန်စည်ပို့ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ (ခွင့်ပြုချက်လိုင်စင်အပေါ် အခြေခံ၍) နှင့် လုပ်ပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းများကို သတ်မှတ်ထားပြီး ဘယ်လာရုစ်နိုင်ငံဘက်မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကိုယ်စားပြု ဆောင်ရွက်မည်ဖြစ်သည်။
အလားတူ ဘယ်လာရုစ်နှင့် ပါကစ္စတန်အစိုးရအကြား အလုပ်သမားနှင့် အလုပ်အကိုင်ခန့်ထားမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) တွင်မူ ပါကစ္စတန်နိုင်ငံမှ ကျွမ်းကျင်လုပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဘယ်လာရုစ်နိုင်ငံအတွင်း ခေါ်ယူခန့်ထားနိုင်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်ထားသည်။
အဆိုပါ အတည်ပြုလိုက်သည့် စာရွက်စာတမ်းများအနက် ဘယ်လာရုစ်နှင့် မြန်မာအစိုးရအကြား ချုပ်ဆိုထားသည့် “နှစ်ဦးနှစ်ဖက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်” လည်း ပါဝင်သည်။ ယင်းသဘောတူညီချက်အရ သက်တမ်းရှိ သာမန်နိုင်ငံကူးလက်မှတ် (Ordinary Passport) ကိုင်ဆောင်ထားသည့် ဘယ်လာရုစ်နှင့် မြန်မာ နှစ်နိုင်ငံနိုင်ငံသားများသည် ပြည်ဝင်ဗီဇာမလိုဘဲ ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်း၊ ဖြတ်သန်းသွားလာခြင်းနှင့် နေထိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပြီး၊ ရောက်ရှိသည့်နေ့မှစ၍ တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ ထက်မပိုစေဘဲ တစ်နှစ်သုံးကြိမ် (ပြက္ခဒိန်တစ်နှစ်အတွင်း စုစုပေါင်း ရက်ပေါင်း ၉၀ အထိ) ဗီဇာမလိုဘဲ နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
Ref : BelTA
