


၂၆.၅.၂၀၂၆
Written by KL
ပြိုင်ဘီးစီးလာသည့် အသက် ၇၀ အရွယ် အဘိုးအိုကို ကွန်တိန်နာကားကြိတ်မိရာမှ သေဆုံးမှု ယနေ့ မေလ ၂၆ ရက် နံနက် ၆ နာရီကျော်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းစျေးရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း ရုပ်အလောင်းသယ်ယူပေးခဲ့သည့် ကနောင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ပြိုင်ဘီးစီးတဲ့သူရဲ့ခေါင်းကို ကွန်တိန်နာကားကြိတ်လို့ မျက်နှာရုပ်ပျက်ပြီး ဦးနှောက်တွေလည်းပြန့်ကျဲနေတယ်”ဟု ကနောင်လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။
သေဆုံးသူမှာ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်တွင် နေထိုင်သော အသက် ၇၀ အရွယ် Biker ဦးကျော်ဝင်းဖြစ်ပြီး ကွန်တိန်နာကားတိုက်ခံရမှုကြောင့် နေရာတွင်ပင်သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားကြီးကို ကနောင်လူမှုကူညီရေးအသင်းမှ အသင်းဝင်များက အသင်းပိုင်ယာဥ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ယာဥ်အန္တရာယ်ကင်းရှင်းစေရန် ယာဥ်မောင်းတစ်ဦးတည်းတွင်သာ တာဝန်ရှိခြင်းမဟုတ်ဘဲ လမ်းအသုံးပြုသူမျညးဖြစ်သော ယာဥ်မောင်းသာမက လမ်းလျှောက်သူနှင့် စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီးမောင်းသူများအနေနှင့် ယာဥ်စည်းကမ်းလိုက်နာမှာသာ အသက်အန္တရာယ် ကင်းရှင်းမည်ဖြစ်ကြောင်း ယာဥ်မတော်တဆမှုများကို ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသည့် ကနောင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“တချို့ဆို အတင်းတိုးဝင်ကြတာ။ ကားကြီးတွေက မမြင်ရဘူး။ အပြင်ထွက်ရင် ကားမောင်းရင်း စိတ်ဖိစီးရတာတွေ များလိုက်တာ အိမ်ရောက်မှ “ဟင်း”ချနိုင်တယ်။ လိုင်းကားသမားတွေ၊ ကားကြီးသမားတွေ ဘေးကပ်မရပ်ကြတာ၊ ရပ်တော့မယ်ဆို မီးမပြတာ နောက်ကလိုက်ရသူက အတော် အခက်တွေ့ရပြန်ရော”ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
