◾ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ရက် ၁၀၀ အတွင်း ဆောင်ရွက်သွားနိုင်ရေး ဖိတ်ခေါ်ခဲ့သလို EAO အချို့နှင့် အောက်ခြေအဆင့်တွင် ထိတွေ့မှုများ ဆောင်ရွက်နေပြီ
သတိုး
၂၆. ၅. ၂၀၂၆
လာမည့် ၅ နှစ်အတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းချက်ထား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်းများကို ဆောင်ရွက်သွားနိုင်ရေးအတွက် ဖိတ်ခေါ်ခဲ့သလို လက်ရှိအချိန်တွင် EAO အဖွဲ့အချို့နှင့် အောက်ခြေအဆင့်များတွင် ထိတွေ့မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကယနေ့ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားသည်။
ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက လုံခြုံရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ စတင်တာဝန်ယူခဲ့သည့်အချိန်တွင် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်းများကို ဆောင်ရွက်သွားနိုင်ရေးအတွက် ဖိတ်ခေါ်ခဲ့ပြီး လက်ရှိအချိန်၌ EAO အဖွဲ့အချို့နှင့်အောက်ခြေ အဆင့် များတွင် ထိတွေ့မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် PDF အဖွဲ့များ အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ မဲမသမာမှုများကြောင့် ဖြစ်ပေါ် လာသည့် နိုင်ငံရေးဖြစ်စဉ်များအပေါ် ကျေနပ်လက်ခံနိုင်မှုမရှိခြင်းကြောင့် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါအခြေအနေသို့ ရောက်ရှိလာခြင်းသည် မိမိတို့ နိုင်ငံ၏ ပညာရေးအားနည်းချက်ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့၏အကျိုးအတွက် သွေးထိုးလှုံ့ဆော်၍ အသုံးချလုပ် ဆောင်ခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏ ပညာရေးကို မဖြစ်မနေ ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရမည်ဟု အကြိမ်ပေါင်းများစွာ ပြောဆိုဆောင်ရွက်နေရ ခြင်းဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားသည်။
ထိုသို့ ပညာရေးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လည်း လိုအပ်မည်ဖြစ်သဖြင့် လာမည့် ၅ နှစ် တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် မျှော်မှန်းချက်ထား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် မည်ကဲ့သို့ပင် ဖိတ်ခေါ်ကမ်းလှမ်းနေသည်ဖြစ်စေ လက်နက်ကိုင် အဖွဲ့များအနေဖြင့် ယုံကြည်ချက်၊ ခံယူချက်ရှိစွာဖြင့် အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုစိတ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် လိုစိတ်ရှိရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ၊ လုံခြုံရေး အရ၊ စီးပွားရေးအရ အားနည်းချက်များ ဖြစ်ပေါ်လျက်ရှိသည်ကို အလေးထား၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယင်းအပြင် နိုင်ငံတော်တွင် ကြုံတွေ့ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများ၊ ခေတ်စနစ် အတွေ့အကြုံများအပေါ်တွင် သင်ခန်းစာယူ၍ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံရေးအား၊ စီးပွားရေးအား၊ ကာကွယ်ရေးအားများ တိုးတက်လာစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံ့ဂုဏ်သိက္ခာကို မြှင့်တင်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့်ပတ်သက်လာပါက အမြင်ကျယ်စွာဖြင့် ကျယ်ကျယ် ပြန့်ပြန့်တွေးခေါ် ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားသည်။
အထက်ပါ မှာကြားချက်များအပြင် မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း ဗဟိုအစိုးရ ၏လုပ်ပိုင်ခွင့်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လုပ်ပိုင်ခွင့်များကိုပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းခြင်း ဆိုင်ရာများအရ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အလိုက် ဆောင်ရွက်ရန်ကျန်ရှိသည့်ကိစ္စရပ်များကို ဆောင်ရွက်သွားကြရန်လိုပြီး ယခု ၆ လအတွင်း တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သဟဇာတဖြစ်ရန်လိုပြီး ပြီးမြောက်အောင်မြင်တိုးတက်အောင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ပြည်ထောင်စုအဆင့်အနေဖြင့် ကိုယ်တိုင်အကောင်အထည်ဖော်ဆောင် ရသည်မဟုတ်သော်လည်း မည်ကဲ့သို့ဆောင်ရွက်ရမည်ကို နည်းလမ်းပြပေးခြင်း၊ စီမံကြီးကြပ်ခြင်းတို့ဖြင့် ဆောင်ရွက်သွားနိုင်ကြောင်းလည်း ထပ်ဆင့် မှာကြားသည်။
