


၂၆.၅.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်၊ ၆၆လမ်း၊ ၁၆×၁၉ လမ်းကြား၊မန္တလေးကျုံးတွင် ယမန်နေ့က ခင်ပွန်းနှင့်စကားများပြီးအိမ်ကထွက်လာသော မိန်းကလေးမှာ ခုန်ချသေဆုံးခဲ့ပြီးနောက် ရုပ်အလောင်းကို ယနေ့ မေလ ၂၆ ရက် နံနက် ၆ နာရီခန့်က ပြန်လည်တွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့တွင် မန္တလေးကျုံးအတွင်း အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိသဖြင့် အောင်မြေသာစံမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်ဆယ်ယူခဲ့ရာ ၁၅ မိနစ်အကြာတွင် ဆယ်ယူနိုင်ခဲ့သည်။
ရေနစ်သေဆုံးသူမှာ ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာတွင် နေထိုင်သော အသက် ၂၁ နှစ်အရွယ် မယွန်းနဒီနိုင်ဖြစ်ကြောင်း သိရသည်။
ထိုမိန်းကလေးမှာ မေလ ၂၅ ရက် နံနက် ၅ နာရီခွဲခန့်က ခင်ပွန်းဖြစ်သူ အသက် ၄၀ အရွယ် အမျိုးသားနှင့် စကားများရန်ဖြစ်ကာ နေအိမ်မှဆင်းသွား၍ ပြန်မရောက်လာသဖြင့် အမှတ် ( ၂)နယ်မြေရဲစခန်းတွင် ပျောက်ဆုံးနေသူအဖြစ် သတင်းပို့ထားကြောင်း သိရသည်။
ရေနစ်သေဆုံးသူ မိန်းကလေး၏ ရုပ်အလောင်းကို နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်များက လူနာတင်ယာဥ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
