သက်တံ့
၂၇. ၅. ၂၀၂၆
ဖင်လန်နိုင်ငံ၊ အိုလူတက္ကသိုလ် (University of Oulu) မှ သုတေသီများသည် မြန်မာ့ပယင်းအတွင်း ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ကျန်ရှိနေသည့် ကဏန်း(ဂဏန်း)ကဲ့သို့ လက်မပါသော နှစ်သန်းပေါင်း ၁၀၀ သက်တမ်းရှိ ရှားပါးအင်းဆက်ပိုးမွှားသစ်တစ်ခုကို ဖော်ထုတ်ရာတွင် ကူညီပေးခဲ့ကြသည်ဟု ScandAsia သတင်းဌာနက မေ ၂၆ ရက်တွင် ဖော်ပြသည်။
အိုလူတက္ကသိုလ်မှ သုတေသီများသည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မှ ထွက်ရှိသည့် ပယင်းအတွင်း ရုပ်ကြွင်းအဖြစ် ကျန်ရစ်ခဲ့သော အဆိုပါ အင်းဆက်ရုပ်ကြွင်းကို ဖော်ထုတ်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြခြင်း ဖြစ်သည်။
ခရီတေးရှပ်စ် (Cretaceous) ခေတ်နှောင်းပိုင်းကတည်းက တည်ရှိခဲ့သော အဆိုပါ ရှေးဟောင်းပယင်းအတွင်း၌ တွေ့ရှိရသည့် ရုပ်ကြွင်းသည် ကဏန်းလက်မနှင့် ဆင်တူပြီး ထူးခြားသော လက်ပုံစံ ရှေ့ခြေထောက်များပါရှိသည့် ယခင်က မသိရှိခဲ့ရသေးသော မျိုးစိတ်သစ် (True Bug) တစ်မျိုး ဖြစ်သည်။ သိပ္ပံပညာရှင်များ၏ အဆိုအရ အင်းဆက်များတွင် ယခုကဲ့သို့ “Chelae” ဟုခေါ်သော လက်မပုံစံတည်ဆောက်ပုံမျိုး ရှိနေခြင်းမှာ အလွန်ပင် ရှားပါးလှသည်ဟု ဆိုသည်။
ဤသုတေသနကို ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရှိ Ludwig Maximilian တက္ကသိုလ်မှ သုတေသီများက ဦးဆောင်ခဲ့ပြီး Rostock တက္ကသိုလ်နှင့် Oulu တက္ကသိုလ်တို့မှ သုတေသနအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ ၎င်းတို့၏ ရှာဖွေတွေ့ရှိချက်များကို “Insects” အမည်ရှိ သိပ္ပံဂျာနယ်တွင် ထုတ်ဝေဖော်ပြခဲ့သည်။
သုတေသီများသည် အနုစိတ် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း နည်းပညာ (Micro-computed tomography scanning) ကို အသုံးပြု၍ ၎င်းအင်းဆက်၏ ခန္ဓာကိုယ်တည်ဆောက်ပုံကို လေ့လာရန် ရုပ်ကြွင်း၏ အသေးစိတ် 3D ပုံရိပ်များကို ဖန်တီးခဲ့ကြသည်။ ထို့ပြင် အဆိုပါ အင်းဆက်၏ ဆင့်ကဲပြောင်းလဲမှု နောက်ခံသမိုင်းကို ပိုမိုနားလည်နိုင်ရန်အတွက် လက်ရှိအသက်ရှင်ဆဲ မျိုးစိတ်များနှင့် မျိုးသုဉ်းသွားပြီဖြစ်သော မျိုးစိတ်ပေါင်း ၂,၀၀၀ ကျော်၏ အစာဖမ်းယူသည့် ခြေလက်အင်္ဂါအစိတ်အပိုင်းများကို နှိုင်းယှဉ်လေ့လာခဲ့ကြသည်။
အသစ်တွေ့ရှိရသော မျိုးစိတ်ကို “Carcinonepa libererrantes” ဟု အမည်ပေးထားသည်။ သုတေသီများက အဆိုပါရုပ်ကြွင်း၏ ကဏန်းကဲ့သို့ လက်မများသည် အခြားသိရှိပြီးသား အင်းဆက်များတွင် တွေ့ရလေ့မရှိဘဲ ကဏန်း သို့မဟုတ် ပုစွန်ထုပ်ကြီးများတွင် တွေ့ရသည့် ခြေလက်အင်္ဂါများနှင့် ပိုမိုဆင်တူကြောင်း ပြောကြားခဲ့သည်။
သိပ္ပံပညာရှင်များသည် ဤအင်းဆက်ကို ရေပိုးမွှားအုပ်စု (Nepomorpha) တွင် ထည့်သွင်းသတ်မှတ်ခဲ့သော်လည်း ၎င်း၏ ခန္ဓာကိုယ်တည်ဆောက်ပုံမှာ ယနေ့ခေတ်တွင် ဖားသဏ္ဍာန်ပုံစံတူပြီး အင်းဆက်ပိုးကောင်များကို ဖမ်းစားတတ်သည့် Predatory toad bugs များနှင့်လည်း ဆင်တူမှုရှိနေကြောင်း သိရသည်။
ထို့ပြင် အဆိုပါ အင်းဆက်မျိုးစိတ်သစ်၏ သိပ္ပံအမည် “Carcinonepa libererrantes” ထဲမှ “libererrantes” ဆိုသည့် စကားလုံးမှာ လက်တင်ဘာသာဖြင့် “လွင့်မျောနေသော ကလေးများ (Stray Kids)” ဟု အဓိပ္ပာယ်ရပြီး ကမ္ဘာကျော် ကိုရီးယား K-pop တေးဂီတအဖွဲ့ “Stray Kids” ကို ဂုဏ်ပြု၍ အမည်ပေးထားခြင်း ဖြစ်သည်။ ၎င်းအင်းဆက်၏ ကဏန်းလက်မကဲ့သို့ ရှေ့ခြေထောက် အနေအထားသည် အဆိုပါ K-pop အဖွဲ့၏ အမှတ်သညာ အကကွက်ပုံစံနှင့် တူညီနေခြင်းကြောင့်လည်း ယခုကဲ့သို့ ဂုဏ်ပြုအမည်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref: Scand Asia






