၅.၈.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းရှိ Trump National Golf Club အပြင်ဘက်တွင် သံသယဖြစ်ဖွယ်လူတစ်ဦး လျှောက်သွားနေကာ ဗီဒီယိုနှင့် ဓာတ်ပုံများရိုက်ကူးနေသည်ကို ပြည်ထောင်စုစုံထောက်များက သတင်းပို့ပြီးနောက် အဆိုပါ လက်နက်ကိုင်အမျိုးသားအား ဩဂုတ်လ ၂ ရက်က ဖမ်းဆီးခဲ့ကြောင်း လော့စ်အိန်ဂျလိစ်ခရိုင် ရဲဌာနက ဩဂုတ်လ ၄ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် လာရောက်လည်ပတ်ရန် စီစဉ်ထားမှု၏ရက်အနည်းငယ်အလို၌ ဖမ်းမိခဲ့သော ထိုသူက သမ္မတအား ခြိမ်းခြောက်အန္တရာယ်ပြုမည့် ရည်ရွယ်ချက် ရှိ၊ မရှိ လျှို့ဝှက်စုံစမ်း ထောက်လှမ်း ရေးဌာနက စုံစမ်းစစ်ဆေးနေကြောင်း ပြည်ထောင်စု ဥပဒေစိုးမိုးရေး သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။
အစောပိုင်း သတင်းရင်းမြစ်က CNN သို့ ပြောကြားရာတွင် အဆိုပါပုဂ္ဂိုလ်သည် သမ္မတအား တိုက်ခိုက်ရန် ကြံစည်နေကြောင်း လတ်တလော အရိပ်အယောင်မရှိသော်လည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း မှတ်ချက်ပြုထားသည်။


ရဲတပ်ဖွဲ့က အဆိုပါ မသင်္ကာဖွယ်လူအားဖမ်းမိကြောင်း ကြေညာချိန်တွင် သမ္မတ ထရမ့်ပ်က ကယ်လီဖိုးနီးယားပြည်နယ်သို့ အသွား Air Force 1 လေယာဉ်ပေါ်တွင်ဖြစ်ကြောင်း သိရသည်။ သမ္မတက ၎င်း၏ Rancho Palos Verdes ဂေါက်ကွင်း၌ ရီပတ်ဘလစ်ကန် အမျိုးသားကော်မတီ ညစာစားပွဲသို့ တက်ရောက်ရန် ကယ်လီဖိုးနီးယားသို့ ဩဂုတ်လ ၄ ရက် ညနေပိုင်းတွင် လေယာဉ်ဆင်းသက်ခဲ့သည်။
ဖမ်းဆီးမိသူက အသက် ၃၈ နှစ်အရွယ် ဂျင်းနင်းဂျွန် တေလီ (Jeanine John Taele) ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ပြီး အယ်လ်ဆီဂွန်ဒို ရဲဌာနမှလည်း ၎င်းအား လုယက်မှုတွင် စုံစမ်းစစ်ဆေးနေသူဟု ပြောခဲ့သည်။
တေလီ သည် ဓာတ်ပုံနှင့် ဗီဒီယိုများကို ရိုက်ယူနေပြီး “လုံခြုံရေးစီမံချက်ရေးဆွဲခြင်းဆိုင်ရာ လှုပ်ရှားမှုများ” ကို စောင့်ကြည့်နေပုံရသည်ဟု ရဲဌာနမှ သိရသည်။ ထို့ပြင် ၎င်းအား သိုဝှက်ထားသော သေနတ်ကိုင်ဆောင်မှုနှင့် တားမြစ်ခဲယမ်းများ လက်ဝယ်ရှိမှုစွဲချက်တို့ဖြင့်လည်း တရားစွဲခဲ့သည်။
စုံစမ်းစစ်ဆေးသူများက တရားမဝင်မွမ်းမံထားသော AR ပုံစံရိုင်ဖယ်၊ .45 caliber ပစ္စတိုတစ်လက်၊ ကျည်ကာညကိုယ်ထည်သံချပ်ကာ၊ စွမ်းရည်မြင့်ကျည်ကပ်များ၊ ခဲယမ်းများ၊ ရေဒီယို အချက်ပြကိရိယာများနှင့် သက်ဆိုင်ရာထုတ်ပြန်ချက်များပါရှိသော မှတ်စုစာအုပ်အများအပြားကို ဂေါက်ကွင်းအနီး ရပ်တန့်ထားသော တေလီ၏ကားနှင့် ၎င်း၏အိမ်ကိုရှာဖွေမှုတို့မှ တွေ့ ရှိခဲ့ကြသည်။
လော့စ်အိန်ဂျလိစ်ခရိုင်ရှေ့နေရုံး၏အဆိုအရတေလီက ၎င်းအားစွဲချက်လေးခုအတွက် အပြစ်မရှိကြောင်း ဩဂုတ်လ ၄ ရက်က ထွက်ဆိုခဲ့သည်ဟု သိရသည်။ ထိုအမှုလေးခုမှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ဖြစ်ပွား ခဲ့သော ဒုတိယအဆင့်ဓားပြတိုက်မှုနှင့် ၎င်းအား ဩဂုတ်လ ၂ ရက်က ဖမ်းဆီးခဲ့ပြီးနောက် စွဲဆိုခဲ့သော လက်နက်မှုစွဲချက် သုံးခုအပါအဝင်ဖြစ်သည်။
လုယက်မှု စွဲချက်သည် ဩဂုတ်လ ၂ ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ဆက်စပ်မှု ရှိ၊ မရှိ ရှင်းရှင်းလင်း လင်း မသိရပေ။
တရားသူကြီးတစ်ဦးက တေလီအား ဒေါ်လာ ၂၅၀,၀၀၀ ဖြင့် အာမခံပေးထားပြီး လက်နက်မကိုင်ဆောင်ရန် အမိန့်ထုတ်ကာ သမ္မတ၏ဂေါက်ကလပ်နှင့် ဝေးဝေးနေရန်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင်သာ ဆက်လက်ရှိနေရန်နှင့် တရားစွဲချက်များကိုဆက်လက်ရင်ဆိုင်သွားရန် တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။
Ref : CNN
