သတိုး
၅. ၇. ၂၀၂၆
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မနက်ဖြန် ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် လာရောက်ရန် အစီအစဉ်ရှိပြီး ယင်းသည် အရပ်ဘက်ခေါင်းဆောင် ဖြစ်လာပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံး ထိုင်းနိုင်ငံ ခရီးစဉ်လည်း ဖြစ်သည်။
ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) က ကြိုဆိုနှုတ်ဆက်မည်ဖြစ်သည်။ အဆိုပါ ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးကို ခိုင်မာစေရန်နှင့် အာဆီယံ မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စ ရာချာဒါ (Rachada Dhnadirek) က ယခုခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး၏ အရေးပါမှုကို ပေါ်လွင်စေပြီး နှစ်နိုင်ငံစလုံးရှိ ပြည်သူများ၏ လုံခြုံရေးနှင့် သာယာဝပြောရေးကို ထိခိုက်စေသည့် ကိစ္စရပ်များအပေါ် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် အခွင့်အလမ်းတစ်ရပ် ဖြစ်စေကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ထိုင်းဝန်ကြီးချုပ် အနုထင်သည် မြန်မာနိုင်ငံတော်သမ္မတအား အစိုးရအဖွဲ့ရုံး (Government House) ၌ တရားဝင် ကြိုဆိုမည်ဖြစ်ပြီး ထိုနေရာတွင် တရားဝင် ကြိုဆိုပွဲ အခမ်းအနားအပြင် ဂုဏ်ပြုတပ်ဖွဲ့က ထိုင်း – မြန်မာခေါင်းဆောင်နှစ်ဦး၏ စစ်ဆေးမှုကို ခံယူမည်ဖြစ်သည်။
ထို့နောက် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်ဦးနှစ်ဖက် ဘုံအကျိုးစီးပွားဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရေး နည်းလမ်းများကို ဆွေးနွေးရန် သီးသန့်ဆွေးနွေးပွဲနှင့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့စုံ ဆွေးနွေးပွဲများကို ကျင်းပသွားမည်ဟု မစ္စ ရာချာဒါက ပြောကြားခဲ့သည်။
ဆွေးနွေးပွဲများအပြီးတွင် နှစ်နိုင်ငံ အရာရှိများသည် နားလည်မှုစာချွန်လွှာ (MoU) အများအပြားကို လက်မှတ်ရေးထိုး လဲလှယ်ကြမည်ဟု မျှော်လင့်ရသည်။ ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံ အစိုးရချင်း ကူညီပံ့ပိုးမှု အစီအစဉ်များ လွှဲပြောင်းပေးအပ်မှုကိုလည်း သက်သေအဖြစ် တက်ရောက်ကြည့်ရှုကြမည်ဟု ဆိုသည်။
ခရီးစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဝန်ကြီးချုပ် အနုထင်နှင့် ဦးမင်းအောင်လှိုင် တို့သည် နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် အဓိက လမ်းကြောင်းတစ်ခုဖြစ်သည့် “ထိုင်း-မြန်မာ စီးပွားရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲသို့ ပူးတွဲတက်ရောက်ကြမည်ဖြစ်သည်။
“ဒီခရီးစဉ်ဟာ နယ်ပယ်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုနက်ရှိုင်းစေရန်နဲ့ ဘုံစိုးရိမ်ပူပန်မှုရှိနေတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စရပ်တွေအပေါ် အနီးကပ် ညှိနှိုင်းဆောင်ရွက်သွားဖို့ နှစ်နိုင်ငံစလုံးရဲ့ ကတိကဝတ်ကို ရောင်ပြန်ဟပ်နေပါတယ်” ဟု မစ္စ ရာချာဒါက ပြောကြားခဲ့သည်။

အင်္ဂါနေ့က ဂျကာတာသို့ နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ဝန်ကြီးချုပ် အနုထင်က မြန်မာနိုင်ငံနှင့် “ထိန်းညှိထားသော ပြန်လည်ထိတွေ့ဆက်ဆံမှု” (Calibrated re-engagement) ပြုလုပ်ရန် အာဆီယံကို တောင်းဆိုခဲ့သည်။ ထို မှတ်ချက်များကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဌာနချုပ်၌ မိန့်ခွန်းပြောကြားစဉ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ် ကော့ ကင်မ် ဟွန်း (Kao Kim Hourn) နှင့် တွေ့ဆုံအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် အနုထင်သည် တနင်္လာနေ့က အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) နှင့်လည်း တွေ့ဆုံခဲ့သည်။ အာဆီယံ၏ မြန်မာ့ငြိမ်းချမ်းရေး ဆောင်ရွက်ချက်ဖြစ်သော “တူညီဆန္ဒ ၅ ချက်” (Five-Point Consensus) သည် အကျပ်အတည်းကို ဖြေရှင်းရာတွင် အဖွဲ့၏ လမ်းညွှန်မူဘောင်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်းလည်း မိန့်ခွန်းတွင် အနုထင်က ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ ပြောကြားချက်များတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် တောင်းဆိုထားသည်။
“ထိုင်းနိုင်ငံအနေနဲ့ လက်တွေ့ကျတဲ့ တိုးတက်မှုတွေကို တိုက်တွန်းရင်း စကားဝိုင်းတွေကို လမ်းဖွင့်ထားပြီး မြေပြင်လက်တွေ့အခြေအနေတွေကို တုံ့ပြန်နိုင်မယ့် ထိန်းညှိထားတဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှု အယူအဆကို ထောက်ခံအားပေးခဲ့ပါတယ်” ဟု ဝန်ကြီးချုပ် အနုထင်က ပြောကြားခဲ့သည်။
ထို့အပြင်”တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ ကြက်ခြေနီကော်မတီရဲ့ ကိုယ်စားလှယ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီး ‘ကျန်းမာရေးကောင်းမွန်ကြောင်း’ တွေ့ရှိရပြီးတဲ့နောက်မှာတော့ ဒီအယူအဆဟာ လမ်းကြောင်းမှန်ကို ဦးတည်နေပါတယ်။ ဒါဟာ ထိုင်းနိုင်ငံက လျှောက်လှမ်းဖို့ တောက်လျှောက် တိုက်တွန်းလာခဲ့တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်” ဟု အနုထင်က ဆက်လက်ပြောကြားခဲ့သည်။
အာဆီယံ၏ ပြည်တွင်းရေး မစွက်ဖက်ရေး မူဝါဒများသည် အဓိကကျမြဲဖြစ်သော်လည်း “စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန်အတွက် လိုအပ်သည့် လိုက်လျောညီထွေရှိမှုနှင့် လက်တွေ့ကျမှုတို့တွင် ယင်းမူဝါဒများကို ကျင့်သုံးရမည်” ဟုလည်း အနုထင်က ပြောဆိုခဲ့သည်။
Ref : Bangkok Post
