သက်တံ့
၅. ၈. ၂၀၂၆
တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို မှောင်ခိုကူးနေသည့် ဂိုဏ်းတစ်ခုသည် မြန်မာနိုင်ငံသားများအား တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် မလေးရှားနိုင်ငံအတွင်းသို့ တင်သွင်းပြီး ကွာလာလမ်ပူမြို့တွင် အလုပ်ကြမ်းလုပ်ကိုင်နိုင်ရေး ပို့ဆောင်ပေးရန်အတွက် တစ်ဦးလျှင် မလေးရှားရင်းဂစ် ၁၁,၀၀၀ (မြန်မာကျပ်ငွေ ကျပ်သိန်း ၁၂၀ ခန့်) အထိ တောင်းခံနေကြောင်း စုံစမ်းသိရှိရသည်။
တစ်ချိန်တည်းမှာပင် နီပေါနိုင်ငံသားများကိုလည်း အလားတူ ခရီးစဉ်အတွက် တစ်ဦးလျှင် ရင်းဂစ် ၇,၀၀၀ (ကျပ် ၇၆ သိန်းခန့်) ခန့် တောင်းခံနေသည့် အခြေအနေဖြစ်နေသည်။
အရှေ့တောင်ဘက် ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေး ရဲတပ်ဖွဲ့ (GOF) တပ်မဟာမှူး ရဲမှူးကြီး အာမက် ရာဇီ ဟူစိန် (Ahmad Radzi Hussain) က အင်္ဂါနေ့တွင် မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ် (Kelantan State) ၏ မြို့တော်ဖြစ်သော ကိုတာဘာရူးမြို့ ရှိ ဘတ်စ်ကားဂိတ်၌ သီးခြားစစ်ဆင်ရေးနှစ်ခုအတွင်း မြန်မာနိုင်ငံသား ၄ ဦးနှင့် နီပေါနိုင်ငံသား ၄ ဦး၊ စုစုပေါင်း တရားမဝင် ရွှေ့ပြောင်းလုပ်သား ၈ ဦးကို ဖမ်းဆီးရမိမှုမှ ရရှိသည့် ပဏာမ စုံစမ်းစစ်ဆေးချက်များအရ ယခုကဲ့သို့ သိရှိရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်း၏ ပြောကြားချက်အရ နံနက် ၇ နာရီတွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ဖမ်းဆီးမှု၌ အသက် ၁၉ နှစ်မှ ၂၈ နှစ်အထိ အရွယ်ရှိ မြန်မာအမျိုးသား ၄ ဦး ပါဝင်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံဘက်မှတစ်ဆင့် စက်လှေဖြင့် လာရောက်ကာ ကီလန်တန်မြစ် (Kelantan River) ကမ်းပါးရှိ တရားမဝင် စက်လှေဆိပ်တွင် သောင်တင်လာခဲ့သူများဖြစ်ကြောင်း သိရသည်။
“ပဏာမ စုံစမ်းစစ်ဆေးမှုတွေအရ မြန်မာနိုင်ငံသားတစ်ဦးစီဟာ သူတို့နိုင်ငံကနေ စတင်ထွက်ခွာလာတဲ့ ခရီးစဉ်တစ်ခုလုံးအတွက် ရင်းဂစ် ၁၁,၀၀၀ စီ ပေးခဲ့ရပြီး ကွာလာလမ်ပူမှာ အလုပ်ကြမ်းလုပ်ကိုင်ဖို့ ကတိပြုခံရပြီးနောက် ခရီးဆက်ဖို့ ကိုတာဘာရူး ဘတ်စ်ကားဂိတ်ကို ပို့ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်” ဟု ၎င်းက ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့အပြင် တစ်နာရီအကြာတွင် အမှတ် (၇) ပြည်သူ့လုံခြုံရေး ရဲတပ်ဖွဲ့ (GOF) အထူးအဖွဲ့သည် အဆိုပါ နေရာ၌ပင် နီပေါနိုင်ငံမှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ထပ်မံထိန်းသိမ်းခဲ့ကြောင်း၊ ၎င်းတို့အား လာရောက်ပို့ဆောင်ပေးခဲ့သည့် Honda Accord မော်တော်ယာဉ်မှာ အာဏာပိုင်များကို တွေ့ရှိသွားသဖြင့် အခင်းဖြစ်ပွားရာနေရာမှ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
နီပေါနိုင်ငံသား အဖွဲ့သည် တုမ်ပတ် (Tumpat) မြို့၊ ကမ်ပုန်းနီလာယန်ဘာရူး (Kampung Nelayan Baru) ကမ်းခြေမှတစ်ဆင့် စက်လှေဖြင့် ဝင်ရောက်လာပြီးနောက် ကိုတာဘာရူး ဘတ်စ်ကားဂိတ်သို့ ပို့ဆောင်ခြင်းခံရပုံရကြောင်း ၎င်းက ပြောဆိုခဲ့သည်။
“သူတို့ဟာလည်း ကွာလာလမ်ပူမှာ အလုပ်ကြမ်းရမယ်လို့ ကတိပြုခံရပြီး မိခင်နိုင်ငံကနေ မလေးရှားကို လာဖို့ ဂိုဏ်းကို တစ်ဦးကို ရင်းဂစ် ၇,၀၀၀ စီ ပေးခဲ့ရတယ်လို့ ယူဆရပါတယ်” ဟု ရဲမှူးကြီး ရာဇီက ပြောသည်။
စစ်ဆေးမှုများအရ အဆိုပါ တရားမဝင် ရွှေ့ပြောင်းလုပ်သား အားလုံးသည် တရားဝင် ခရီးသွားလာခွင့် စာရွက်စာတမ်းများ ပြသနိုင်ခြင်းမရှိဘဲ တရားဝင်မဟုတ်သော လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်လာသူများဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
အာဏာပိုင်များသည် စုစုပေါင်း တန်ဖိုး ရင်းဂစ် ၁၂,၀၀၀ ခန့် တန်ကြေးရှိသည့် အမျိုးအစားစုံ လက်ကိုင်ဖုန်း ၈ လုံးကိုလည်း သိမ်းဆည်းရမိခဲ့သည်။
“ဒီအမှုကို ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)(စ) အရ စုံစမ်းစစ်ဆေးလျက်ရှိပြီး တရားမဝင် ရွှေ့ပြောင်းလုပ်သား အားလုံးကို ဆက်လက်အရေးယူနိုင်ဖို့ ကိုတာဘာရူး ခရိုင်ရဲစခန်း၏ ပြစ်မှုစုံစမ်းစစ်ဆေးရေးဌာနထံ လွှဲပြောင်းပေးအပ်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref : Sinar Daily
