သက်တံ့
၅. ၈. ၂၀၂၆
ဒူဘိုင်းမှ ဘန်ကောက်သို့ ပျံသန်းသည့် လေယာဉ်ပေါ်တွင် ထိုင်းအမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်ခဲ့သည့် ပါကစ္စတန်အမျိုးသားတစ်ဦးသည် ဒဏ်ကြေး ဘတ် ၁၂၀၀၀၀ နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရသလို ထိုင်းနိုင်ငံသို့ လုံးဝ ပြန်လည်ဝင်ရောက်ခွင့် မရတော့ဘဲ တစ်သက်တာ အမည်ပျက်စာရင်း (Blacklist) သွင်းခံလိုက်ရကြောင်း နစ်နာသူက ပြောကြားခဲ့သည်။

နစ်နာသူ ထိုင်းအမျိုးသမီးသည် ထိုအမျိုးသားအား ရဲအရာရှိများစစ်ဆေးနေမှုနှင့်အတူ တွေ့ရသည့် ဓာတ်ပုံတစ်ပုံကို ယနေ့ (ဩဂုတ်လ ၅ ရက်) တွင် Facebook ပေါ်၌ တင်ခဲ့ပြီး ရလဒ်ကို “ပြစ်မှုကျူးလွန်ရင်တော့ နောက်ဆက်တွဲ အကျိုးဆက်ကို ရင်ဆိုင်ရမှာပဲ။ ထောင်ဒဏ် ၃ နှစ်၊ ဒဏ်ငွေ ဘတ် ၁၂၀,၀၀၀ နဲ့ ထိုင်းနိုင်ငံကို ဘယ်တော့မှ ပြန်ဝင်ခွင့်မရတော့တဲ့ အမည်ပျက်စာရင်း သွင်းလိုက်ပြီ။ အဘက်ဘက်က ကူညီပေးခဲ့တဲ့ စုံစမ်းစစ်ဆေးရေးမှူးနဲ့ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ကို ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ကို ဘယ်သူ့ကိုမှ ဒီလိုမျိုး သွားမလုပ်ပါနဲ့တော့” ဟု ရေးသားခဲ့သည်။
Facebook အသုံးပြုသူများကလည်း နစ်နာသူ အမျိုးသမီးဘက်မှ ဝန်းရံထောက်ခံသည့် ကွန်မန့်များစွာ ရေးသားခဲ့ကြပြီး တရားမျှတမှု ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်း ပြောဆိုခဲ့ကြသည်။
အဆိုပါဖြစ်စဉ်မှာ ဩဂုတ်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုင်းအမျိုးသမီးသည် အသက် ၄ နှစ်အရွယ် သမီးဖြစ်သူနှင့်အတူ ဒူဘိုင်းမှ ဘန်ကောက်သို့ လေယာဉ်ဖြင့် လိုက်ပါလာစဉ် ပါကစ္စတန်အမျိုးသား၏ လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုကို ခံခဲ့ရကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အိပ်ပျော်နေစဉ်အတွင်း တစ်စုံတစ်ယောက်က သူမ၏တင်ပါးကို လာရောက်ထိကိုင်နေသည်ဟု ခံစားရပြီး စောင်အောက်တွင် စိုစွတ်နေသည်ကို သတိပြုမိခဲ့ကြောင်း၊ နောက်ပိုင်းတွင် နိုးလာသောအခါ ထိုအမျိုးသားက သေချာစိုက်ကြည့်နေသည်ကို တွေ့ရှိခဲ့ရကြောင်း အမျိုးသမီးက ပြောကြားခဲ့သည်။
လေယာဉ် ဘန်ကောက်သို့ ဆိုက်ရောက်ပြီးနောက် လေယာဉ်အမှုထမ်းများက ပါကစ္စတန်အမျိုးသားအား စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့ကြပြီး လေကြောင်းလိုင်း ဝန်ထမ်းတစ်ဦးက ထိုင်းအမျိုးသမီး၏ ဘောင်းဘီပေါ်တွင် သုတ်ရည်ကဲ့သို့သော အစွန်းအထင်းများကို တွေ့ရှိခဲ့သည်။
ကျူးလွန်သူ ပါကစ္စတန် အမျိုးသားက ငိုယိုတောင်းပန်သော်လည်း ထိုင်းအမျိုးသမီးက တောင်းပန်မှုကို လက်မခံဘဲ ရဲတပ်ဖွဲ့ထံ ဖမ်းဆီးအရေးယူပေးရန် တောင်းဆိုခဲ့သည်။ ထို့နောက် ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနှင့် ဒွန်မောင်း ရဲစခန်းတို့က စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ပြီးနောက် ထိရောက် မြန်ဆန်စွာအရေးယူခဲ့သဖြင့် နစ်နာသူက ယနေ့တွင် အမှုရလဒ်ကို မျှဝေခဲ့ခြင်းဖြစ်သည်။
အခြားဖြစ်စဉ်တစ်ခုတွင်လည်း ပြီးခဲ့သည့် ဧပြီလအတွင်း အိုကီနာဝါမှ စင်ကာပူသို့ ပျံသန်းသည့် လေယာဉ်ပေါ်တွင် အသက် ၁၇ နှစ်အရွယ် ထိုင်းမိန်းကလေးငယ်တစ်ဦးအား မဖွယ်မရာ ပြုမူခဲ့ကြောင်း ဝန်ခံခဲ့သဖြင့် အင်ဒိုနီးရှားအမျိုးသားတစ်ဦးအား စင်ကာပူတရားရုံးက ထောင်ဒဏ် ၁၅ လနှင့် ကြိမ်ဒဏ် ချမှတ်ခဲ့သည်။
Ref: Thaiger

