သက်တံ့
၅. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ နာရာသီဝပ်ခရိုင်၊ ဆူငိုင်ဂိုလို့ခ်မြို့နယ်ရှိ စန်တီပဒ် အားကစားကွင်း၌ မနေ့က ကျင်းပသည့် Golok FA Cup 2026 ဆီမီးဖိုင်နယ် ပွဲစဉ်အတွင်း မိုးကြိုးပစ်ခတ်မှုကြောင့် ဘောလုံးသမားတစ်ဦး သေဆုံးကာ အခြားရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်သည် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းများ တိုက်ခတ်နေစဉ် နာကျင်အချိန်ပို ပွဲကစားချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မိုးကြိုးပစ်ခတ်မှုကြောင့် အသက် ၂၄ နှစ်အရွယ် ကစားသမား ဆော့ဖ်ဝမ် အာဝေး (Sofwan Awae) မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့သည်။ ထို့အပြင် ဖြစ်စဉ်အတွင်း အခြားကစားသမား ရှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

ဆော့ဖ်ဝမ်သည် ပတ္တာနီ FC အသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး FC Yala အသင်းသို့ လတ်တလောမှ ပြောင်းရွှေ့လက်မှတ်ရေးထိုးထားသူ ဖြစ်သည်။ ၎င်းကွယ်လွန်ကြောင်း သတင်းကြားသိရပြီးနောက် FC Yala အသင်းက လူမှုကွန်ရက်တွင် ၎င်း၏ မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။
ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးအပြီးတွင် ဘောလုံးပရိသတ်များနှင့် လူမှုကွန်ရက်သုံးစွဲသူများကလည်း ဝမ်းနည်းကြောင်း စာလွှာများ ပေးပို့ခဲ့ကြသည်။
Golok FA Cup 2026 သည် ထိုင်းနိုင်ငံ တောင်ပိုင်းနယ်စပ်ခရိုင်များမှ အသင်းများနှင့် မလေးရှားနိုင်ငံမှ ကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်သည့် ဒေသတွင်း ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်သည်။
Ref: Thaiger
