၅.၈.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ကျပ်ပြင်အနောက်ပိုင်း၊ ပန်းမပတ္တမြားလျှိုရပ်ကွက်တွင် ယနေ့ သြဂုတ်လ ၅ ရက် နံနက် ၅ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းနံရံပြိုကျ၍ လူနေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
မြေထိန်းနံရံ ပြိုကျမှုကြောင့် နှစ်ထပ်အိမ်တစ်လုံး အပါအဝင် လူနေအိမ်၂ လုံးပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။
မြေပြိုမှုကြောင့် နေအိမ်ပျက်စီးမှုနှင့် လူထိခိုက်မှုကို ပါရမီနာမှုကူညီရေးအသင်းမှ အသင်းဝင်များ၊ အရန်မီးသတ်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် လောကဟိတလူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်း ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
မြေကြီးပိ၍ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားကို မိုးကုတ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသလျက်ရှိကြောင်း သိရသည်။
မိုးကုတ်မြို့နယ်၊ ပန်းမပတ္တမြားသျှိုရပ်ကွက်နှင့် အောင်သစ်လွင်ရပ်ကွက်တို့တွင် မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကမ်းပါးပြို၍ လူနေအိမ်များသို့ မြေစာများဝင်ရောက်မှုဖြစ်ပွားခဲ့သည်။
“မိုးက မပြတ်ရွာနေတော့တောင်စောင်းနား ရေချောင်းနားမှာနေထိုင်သူတွေ အထူးဂရုစိုက်ကြပါဗျာ။ မိုးကုတ်က နှစ်တိုင်းမြေပြိုမှုတွေ ဖြစ်နေတယ်”ဟု မိုးကုတ်ဒေသခံတစ်ဦးကပြောသည်။
မိုးကုတ်မြို့အပါအဝင် တောင်ပေါ်ဒေသများတွင် မိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းပါက မြေပြိုမှု၊ မြေထိန်းနံရံပြိုကျမှုများနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနိုင်သဖြင့် တောင်စောင်းနှင့် မြေထိန်းနံရံ အနီးအနားတွင် နေထိုင်သူများအနေဖြင့် အထူးဂရုပြု စောင့်ကြည့်နေထိုင်ကြရန် လိုအပ်ကြောင်း မိုးကုတ်အခြေစိုက် လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်သူတစ်ဦးက အကြံပြုထားသည်။












