သတိုး
၅. ၈. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ဩဂုတ် ၅ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ လက်ခံတွေ့ဆုံခဲ့ပြီး ဘာသာရေးလွတ်လပ်ခွင့်၊ နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် လူမှုသဟဇာတဖြစ်ထွန်းရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးထံမှ သိရသည်။

တွေ့ဆုံစဉ် ကာဒီနယ် ချားလ်စ်ဘိုက နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ နိုင်ငံတော်တာဝန်များကို စိန်ခေါ်မှုများကြားမှ ကြိုးပမ်းထမ်းဆောင်နေမှုအပေါ် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နေပြည်တော်၌ ကက်သလစ်ဘုရားကျောင်း တည်ဆောက်နိုင်ရန် မြေနေရာခွင့်ပြုပေးခဲ့မှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် နိုင်ငံတော်သမ္မတအပါအဝင် မြန်မာပြည်သူပြည်သားအားလုံး ငြိမ်းချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့သည်။
ထို့အပေါ် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် ကိုးကွယ်ရာဘာသာအသီးသီးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီး ဘာသာရေးအပေါ် ခွဲခြားဆက်ဆံမှုမရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် နေပြည်တော်တွင် ကိုးကွယ်ရာဘာသာအသီးသီး၏ ဝတ်ပြုရာနေရာများ ခန့်ညားသပ်ရပ်စွာ တည်ဆောက်နိုင်ရေးအတွက် မြေနေရာများ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့်သာ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံရေးတောင်းဆိုမှုများကိုလည်း နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် ဘာသာရေးခေါင်းဆောင်များအနေဖြင့် ပြည်သူများ၏ အတွေးအခေါ်နှင့် စိတ်ဓာတ်များ ယဉ်ကျေးသိမ်မွေ့လာစေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတော်ငြိမ်းချမ်းသာယာရေးအတွက် ဘာသာတရား၏ အဆုံးအမများဖြင့် ဆက်လက်ပံ့ပိုးပေးကြရန် မေတ္တာရပ်ခံခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် ဆရာတော်ကြီးများ၏ လိုအပ်ချက်များကို မေးမြန်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နှစ်ဖက်အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်ဟု သိရသည်။

