၅.၈.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ဆိုင်ရာ ဘရာဇီးသံအမတ်ကြီးရဲ့ ပြည်ဝင်ခွင့်ဗီဇာကို အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့က ရုပ်သိမ်းဖို့ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနမှ သတင်းရင်းမြစ်တွေက ဩဂုတ်လ ၄ ရက်မှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ဘရာဇီးနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲမတိုင်မီ သွားရောက်လည်ပတ်ဖို့ ကြိုးပမ်းခဲ့တဲ့ အမေရိကန် သံတမန်နှစ်ဦးကို ဘရာဇီးအစိုးရက ဗီဇာငြင်းပယ်ခဲ့ခြင်းအပေါ် တုံ့ပြန်မှုအနေနဲ့ အမေရိကန်ဆိုင်ရာ ဘရာဇီး သံအမတ်ကြီး မာရီယာ လူဇာ ရီဘေရို ဗီအို့တီအပေါ် ဗီဇာရုပ်သိမ်းမှုကို အိမ်ဖြူတော်က ဆောင်ရွက်ခဲ့တာလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဘရာဇီးက အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမား ဗျူရိုမှ အရာရှိတွေကို ဗီဇာငြင်းပယ်တယ်လို့ ကြေညာခဲ့တာပါ။ သူတို့ရဲ့ ခရီးစဉ်က အောက်တိုဘာလ ရွေးကောက်ပွဲမတိုင်မီ ဘရာဇီးရဲ့ ရွေးကောက်ပွဲစနစ်ကို ထိခိုက်စေဖို့ ရည်ရွယ်ထားတယ်လို့ ဘရာဇီးအစိုးရက ပြောကြားခဲ့ပါတယ်။ အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။
ဒါ့ပြင် ဘရာဇီးအစိုးရဟာ သမ္မတထရမ့်ပ်ရဲ့ ဘရာဇီးနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးရွေးချယ်မှုကိုလည်း နှောင့်နှေးစေခဲ့တယ်လို့ ဘရာဇီးအစိုးရကို အမေရိကန်က စွပ်စွဲခဲ့ပါတယ်။ ဘရာဇီးအစိုးရက ဖလော်ရီဒါပြည်နယ်ကိုယ်စားလှယ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုရဲ့ မဟာမိတ်ဖြစ်သူ ဒန်နီရယ် ပီရက်ဇ်ရဲ့ သံအမတ်ရာထူးအတွက် တရားဝင်ခွင့်ပြုချက်ကို ရက်သတ္တပတ်များစွာ ဆိုင်းငံ့ထားခဲ့တာပါ။ ပီရက်ဇ်ကို ဇွန်လ ၁ ရက်မှာ ထရမ့်ပ်က အမည်စာရင်းတင်သွင်းခဲ့ပါတယ်။
ဘရာဇီးအစိုးရကတော့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး ၎င်းက နှစ်နိုင်ငံကြားတင်းမာမှုတွေသာ မြင့်တက်လာစေမှာဖြစ်ပြီး ဘရာဇီးနိုင်ငံရဲ့ လာမယ့် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ဖို့ အမေရိကန်ရဲ့ စိတ်ဝင်စားမှုကို ပုံဖော်ပြသတာပဲလို့ ပြောကြားခဲ့ပါတယ်။
ဘရာဇီး သမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါဆေးလ်ဗားရဲ့ ရုံးက ကြေညာချက်တစ်စောင်မှာတော့ “အမေရိကန်အစိုးရရဲ့ ယနေ့ ဆုံးဖြတ်ချက်က သီးခြားဖြစ်ရပ် မဟုတ်ပါ။ ၎င်းက အယူဝါဒဆိုင်ရာ အကြောင်းပြချက်တွေနဲ့ လှုံ့ဆော်ပြီး ဘရာဇီးအပေါ် ရန်လိုတဲ့ အစီအမံတွေကို ရည်ရွယ်ချက်ရှိရှိ တိုးမြှင့် လုပ်ဆောင်လာတာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်” လို့ ဖော်ပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတွေက ဘရာဇီးဘက်က သင့်လျော်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ပြီး ထရမ့်ပ်ရဲ့ သံအမတ်ကြီးအဖြစ် ရွေးချယ်မှုကို လက်ခံမယ်ဆိုရင် ဒီဆုံးဖြတ်ချက်ကို အမြန်ပယ်ဖျက်ပစ်နိုင်တယ်လို့ ပြောခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
Associated Press သတင်းဌာနကတော့ ဘရာဇီး သံအမတ်ကြီး ဗီအို့တီဟာ သူမရဲ့ ဗီဇာ ရုပ်သိမ်းခံရပေမယ့်အမေရိကန်မှ နှင်ထုတ်ခံရခြင်း မရှိဘူးလို့ အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီးဖော်ပြခဲ့ပါတယ်။
Reuters သတင်းဌာန ကလည်း “ဒီဆုံးဖြတ်ချက်က ဒီမှာရှိတဲ့ အကြီးတန်းသံတမန်တစ်ယောက်ရဲ့ ဗီဇာကို ရုပ်သိမ်းလိုက်တာ ဒါမှမဟုတ် ပယ်ဖျက်လိုက်တာနဲ့ အတူတူပါပဲ။ အဲဒါက အဲဒီလူကို နိုင်ငံကနေ နှင်ထုတ်တာနဲ့ မတူပါဘူး။ ဆိုလိုတာက သူတို့ဟာ အမေရိကန်မှာ ဗီဇာမရှိဘဲ ဆက်ရှိနေမှာဖြစ်ပြီး ကျွန်တော်တို့ရွေးချယ်ထားတဲ့ သံအမတ်လောင်းကို သဘောတူညီချက်ပေးခြင်းအားဖြင့် အခြေအနေကို ပြန်လည်ထိန်းသိမ်းမယ်ဆိုရင် သူတို့ရဲ့ ဗီဇာကို ပြန်လည်ရရှိမှာဖြစ်ပါတယ်” လို့ နိုင်ငံခြားရေးဌာနမှ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ပါတယ်။
နိုင်ငံခြားရေးဌာနမှ အရာရှိက အမေရိကန်အစိုးရဟာ ဒီလို လုပ်ဆောင်နေပေမယ့် ဘရာဇီးနဲ့ဆက်ဆံရေးကို တန်ဖိုးထားပြီး ဘရာဇီးမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေမှတစ်ဆင့် ဘရာဇီးပြည်သူတွေအနေနဲ့ အစိုးရရွေးချယ်နိုင်ရေးကို အလေးထားတယ်လို့ ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပုံမှန်၊ အကျိုးဖြစ်ထွန်းတဲ့၊ ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးရှိတဲ့ အခြေအနေကို ပြန်ရောက်လိုပါတယ်” လို့ အရာရှိက ပြောခဲ့ပါသေးတယ်။
ယခုဖြစ်ရပ်က ထရမ့်ပ်အစိုးရနဲ့ ဘရာဇီးရဲ့ လက်ဝဲယိမ်းသမ္မတ လူလာအကြား သံတမန်ရေးတင်းမာမှုတွေအနက် နောက်ဆုံးဖြစ်ရပ်ဖြစ်ပါတယ်။
ထရမ့်ပ်ဟာ လူလာ မတိုင်မီ လက်ယာယိမ်း သမ္မတဖြစ်တဲ့ ဂျဲရ် ဘိုဆိုနာရိုကို ခိုင်မာစွာ ထောက်ခံသူဖြစ်ပြီး ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ ဂျဲရ် ဘိုဆိုနာရိုဟာ လူလာကို ရှုံးနိမ့်ပြီးနောက် အာဏာသိမ်းရန် ကြံစည်မှုနဲ့ လက်ရှိမှာ နေအိမ်အကျယ်ချုပ်ဖြင့် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရပါတယ်။
အောက်တိုဘာလ ရွေးကောက်ပွဲမှာ ဂျဲရ် ဘိုဆိုနာရိုရဲ့ သား ဖလာဗီယို ဘိုဆိုနာရိုက လက်ယာယိမ်း သမ္မတလောင်းအနေနဲ့ ယှဉ်ပြိုင်မှာပါ။ ဖလာဗီယို ဘိုဆိုနာရိုက နိုင်ငံရဲ့ အီလက်ထရွန်းနစ် မဲပေးစနစ်က မလုံခြုံလို့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ပြန်လည်အတည်ပြုခဲ့ပြီးနောက် ဘရာဇီးက အမေရိကန်အရာရှိတွေရဲ့ ဗီဇာကို ငြင်းပယ်ခဲ့ပါတယ်။
Ref- DW News
