သက်တံ့
၅. ၈. ၂၀၂၆
ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ဖြစ်ပေါ်နေသော နိုင်ငံခြားသား လုပ်သားရှားပါးမှု ပြဿနာကို ဖြေရှင်းရန်အတွက် အလုပ်သမားဝန်ကြီး ဂျူလာပွန် အမွန်ဝိဘတ် (Julapun Amornvivat) သည် ထိုင်းဘုရင့်နန်းတော်၏ မဟာနာယကအောက်တွင်ရှိသော ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း (TCA) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေ တင်းမာမှုများနှင့် မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသော မတည်ငြိမ်မှုများကြောင့် လုပ်သားရှားပါးမှု အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ လီဇာ ငမ်ထရာကူပါနစ် (Liza Ngamtrakulpanit) က လုပ်သားရှားပါးမှုသည် တစ်နိုင်ငံလုံးရှိ ဆောက်လုပ်ရေးစီမံကိန်းများကို ထိခိုက်ရိုက်ခတ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲအတွင်း ထိုင်း – မြန်မာ နှစ်နိုင်ငံအစိုးရချင်း ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာ (MoU) စနစ်ဖြင့် လာရောက်လုပ်ကိုင်နေပြီး ၄ နှစ် သက်တမ်းပြည့်သွားသည့် မြန်မာလုပ်သားများ၏ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်များ ကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနနှင့် မြန်မာအာဏာပိုင်တို့သည် ယခုနှစ်အတွင်း စာချုပ်သက်တမ်းကုန်ဆုံးမည့် လုပ်သားများအတွက် စာချုပ်ပြည့်ပါက မိခင်နိုင်ငံသို့ ရက်ပေါင်း ၃၀ ပြန်လည်ထွက်ခွာရမည်ဆိုသည့် စည်းကမ်းချက်ကို ကင်းလွတ်ခွင့်ပြုရန် ဇူလိုင်လ ၂၃ ရက်နေ့တွင် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ကြသည်။ ယင်းအဆိုပြုချက်ကို ပြည်ပလုပ်သားစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒကော်မတီနှင့် အစိုးရအဖွဲ့ (အစိုးရအဖွဲ့အစည်းအဝေး) သို့ အတည်ပြုချက်ရယူရန် တင်ပြသွားမည်ဖြစ်သည်။
ထို့အပြင် သက်တမ်းကုန်ဆုံးသွားသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ယာယီတရားဝင်ဖြစ်စေရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြသည်။ အာဏာပိုင်များက သတ်မှတ်ချက်နှင့်ကိုက်ညီသော လုပ်သားများကို ထိုင်းနိုင်ငံတွင် တရားဝင်ဆက်လက်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ကို သက်တမ်း ၂ နှစ်အထိ အကြိမ်ကြိမ်တိုးမြှင့်ခွင့်ပြုရန် စဉ်းစားလျက်ရှိသည်။
တစ်ချိန်တည်းမှာပင် ဝန်ကြီး ဂျူလာပွန်က ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံမှ အလုပ်သမားအသစ်များကို ပိုမိုလွယ်ကူလျင်မြန်စွာ ခေါ်ယူနိုင်ရေး အစီအစဉ်များ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
လုံခြုံရေးအခြေအနေများကြောင့် ကုန်းလမ်းနယ်စပ်ဂိတ်များ ပိတ်ထားဆဲဖြစ်သဖြင့် MoU စနစ်ဖြင့် ခေါ်ယူမည့် မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံသို့ လေကြောင်းလိုင်းဖြင့်သာ ဝင်ရောက်ရမည်ဖြစ်သည်။ အလုပ်ရှင်နှင့် အလုပ်သမားများ၏ ခရီးစရိတ် သက်သာစေရန် ကုန်းလမ်းဂိတ်များကို ပြန်လည်ဖွင့်လှစ်ရန် ထိုင်းဘက်က အဆိုပြုခဲ့သော်လည်း လုံခြုံရေးအကြောင်းပြချက်များကြောင့် လေကြောင်းလိုင်းဖြင့်သာ လာရောက်ရန် မြန်မာဘက်က အခိုင်အမာ တောင်းဆိုထားသည်။
ထို့အပြင် အလုပ်ရှင်များအနေဖြင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ် လျှောက်ထားခြင်း၊ အလုပ်ခန့်အပ်ကြောင်း အကြောင်းကြားစာ တင်ပြခြင်းနှင့် ပါမစ်အချက်အလက်များကို အွန်လိုင်းမှတစ်ဆင့် အပြည့်အဝ ဆောင်ရွက်နိုင်သည့် အီလက်ထရောနစ် အလုပ်လုပ်ခွင့်ပါမစ်စနစ် (digital e-work permit system) ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
Ref : Bangkok Post
