




၅-၈-၂၀၂၆
Written by Linn Eain
လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေး မိုဘိုင်းစခန်း ၁၃ ခုအနက် စခန်းနှစ်ခု ဆက်သွယ်မှု ပြန်လည်ရရှိခဲ့သလို လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက်လည်း မီတာဘောက်စ် ၂၅၅ လုံး ဖြုတ်သိမ်းပြီးစီးထားကြောင်း ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ နင်းကြမ်းကျေးရွာရှိ Site ID-AWD00442 မိုဘိုင်းစခန်းကို ဆက်သွယ်မှုပြန်လည်ရရှိနိုင်ရန် ဩဂုတ် ၅ ရက်၊ နေ့လယ် ၁၂ နာရီ ၂၆ မိနစ်တွင် စီစဉ်ဆောင်ရွက်နိုင်ခဲ့ပြီး ၎င်းစခန်းနှင့် အကွာအဝေး သုံးကီလိုမီတာအတွင်းရှိ လေးမျက်နှာမြို့တွင်း MPT မိုဘိုင်းဖုန်းများ ဆက်သွယ်မှု ပြန်လည်ရရှိနေပြီဖြစ်သည်။
ထို့ကြောင့် ယခင်ဆက်သွယ်မှုပြန်လည်ရရှိထားသည့် လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာရှိ Site ID-AWD00617 နှင့်ပေါင်းလျှင် ဆက်သွယ်ရေးစခန်း နှစ်ခုကောင်းမွန်လာပြီဖြစ်၍ လေးမျက်နှာမြို့နယ်တွင် လက်ရှိအခြေအနေအရ ဆက်သွယ်ရေးဝန်ဆောင်မှု ၁၆ ဒသမ ၁၈ ရာခိုင်နှုန်း ရှိလာကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် စုစုပေါင်း မိုဘိုင်းစခန်း ၁၃ ခုရှိသည့်အနက် ဆက်သွယ်မှုပြတ်တောက်နေသော စခန်း ၁၁ ခုရှိပြီး၊ ရေဘေးကြောင့် ယာယီဖြုတ်သိမ်းထားသော စခန်း ၆ ခုမှာ (၁) AWD00039 လေးမျက်နှာအိတ်ချိန်း (End Site)၊ (၂) AWD00237 ကျတ်ကွင်း (Hub 2)၊ (၃) AWD00513 ညောင်ပင်ဝဲ၊ (၄) AWD00763 ခွေးသေ၊ (၅) AWD00330 အိုင်သပြုနှင့် (၆) AWD00252 ရေကြည်ကုန်းတို့ ဖြစ်ကြသည်။
အဆိုပါ Hub site များ ဖြုတ်သိမ်းခဲ့ရခြင်းကြောင့် ဆက်သွယ်မှု ပြတ်တောက်သွားသည့် စခန်း ၅ ခုမှာ (၁) AWD00137 ပန်းတောကြီး၊ (၂) AWD00719 အောင်ဇံကွင်း၊ (၃) AWD00644 စမ်းကြီး၊ (၄) AWD00834 ယင်းဆယ်၊ (၅) AWD00300 ချင်းသံလွင် တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဟင်္သာတခရိုင်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများသည် လေးမျက်နှာမြို့နယ်အတွင်း ရေဝင်နေအိမ်များရှိ မီတာဘောက်စ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ဖြုတ်သိမ်းခြင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၄ ရက်အထိ မီတာဘောက်စ် ၂၅၅ လုံး ဖြုတ်သိမ်းပြီးစီးခဲ့ပြီဖြစ်သည်။
ရေဘေးရှောင်ပြည်သူများအတွက် ရေရှောင်စခန်းနှင့် ကွပ်ကဲရုံးတွင် မီးစက်တစ်လုံး ထားရှိပေးထားပြီး လျှပ်စစ်ပစ္စည်းများနှင့် ဖုန်းအားသွင်းနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်းလည်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်ရေကာတာ မိုင်တိုင်အမှတ် ၂၅/၃ အနီးတွင် ဇူလိုင် ၃၀ ရက်၊ ညပိုင်းက ငဝန်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ တူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ခဲ့သဖြင့် လေးမျက်နှာမြို့နယ်အတွင်းနှင့် အနီးကျေးရွာများတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
