သက်တံ့
၅. ၈. ၂၀၂၆
ဘင်္ဂါလီဒုက္ခသည် ၅,၀၀၀ အား မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပါက အသက်အန္တရာယ်ရှိနိုင်သည်ဟု တွေ့ရှိပါက အဆိုပါ အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မည်မဟုတ်ကြောင်း မလေးရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
သို့သော် အာဏာပိုင်များသည် ဒုက္ခသည်များကို ပြန်လည်လွှဲပြောင်းပေးရန် မစီစဉ်မီ စိစစ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ပြန်လည်ပို့ဆောင်မည့် ၅,၀၀၀ မှာ ဘင်္ဂါလီ ဒုက္ခသည်များဖြစ်ကြပြီး ယခုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ မလေးရှားရှိ ဒေသခံလူထုနှင့် တင်းမာမှုများ မြင့်တက်လာပြီးနောက်ပိုင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အဆိုပါ မတည်ငြိမ်မှုများအတွင်း တစ်နိုင်ငံလုံးရှိ ဘင်္ဂါလီဒုက္ခသည် သင်တန်းကျောင်းများ ပိတ်သိမ်းခဲ့ရပြီး ဘင်္ဂါလီကလေးငယ် အများအပြားလည်း နှောင့်ယှက်ခံရမှုနှင့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သတင်းရရှိသည်။
ဘင်္ဂါလီဒုက္ခသည်အချို့မှာ ပီနန်းပြည်နယ်ရှိ ၎င်းတို့၏ နေအိမ်များမှ နှင်ထုတ်ခံခဲ့ရပြီး ကူညီစောင့်ရှောက်မှု ရရှိရန် ကွာလာလမ်ပူရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် စုဝေးခဲ့ကြပြီးနောက် အာဏာပိုင်များ၏ ခေတ္တထိန်းသိမ်းခြင်းကိုလည်း ခံခဲ့ရသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် ဒုက္ခသည် ၅,၀၀၀ ကို ရွေးချယ်စိစစ်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က လက်ရှိတွင် အစီအစဉ်ကို ပြန်လည်သုံးသပ်လျက်ရှိကြောင်း ဆက်သွယ်ရေးဝန်ကြီး ဖာမီ ဖာဇေးလ် (Fahmi Fadzil) က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“မလေးရှားနိုင်ငံဟာ တာဝန်သိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် ဒီ ဘင်္ဂါလီဒုက္ခသည် ၅,၀၀၀ ဟာ ဖိနှိပ်ညှဉ်းပန်းခံရနိုင်ခြေ သို့မဟုတ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရနိုင်ခြေ ရှိမယ်ဆိုရင် သူတို့ကို ပြန်ပို့မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောဆိုခဲ့သလို“အစိုးရအနေနဲ့ ဒီအစီအစဉ်ကို အကောင်အထည်မဖော်ခင် မြန်မာအစိုးရနဲ့ လေ့လာဆွေးနွေးရမယ့် အချက်အလက် အတော်များများ ရှိပါတယ်” ဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ ဖာမီက ဆက်လက်ပြောကြားသည်။
ထို့အပြင် “မြန်မာအစိုးရကတော့ သူတို့ကို လက်ခံဖို့ အသင့်ရှိနေပါတယ်။ ဒါပေမဲ့ ဘာစံနှုန်းတွေရှိလဲဆိုတာကို ကျွန်တော်တို့ လေ့လာသွားမှာဖြစ်ပြီး သင့်တော်တယ်ဆိုရင်တော့ အကောင်အထည်ဖော်သွားပါမယ်။ ဝန်ကြီးချုပ်ကလည်း သူတို့ရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရနိုင်တယ်ဆိုရင် ပြန်မပို့နိုင်ဘူးဆိုတာကို မှတ်ချက်ပြုထားပါတယ်။ ဒါကြောင့် လက်ရှိမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက လေ့လာနေတဲ့ အချက်အလက် အတော်များများ ရှိပါတယ်” ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ကမူ အဆိုပါ ဒုက္ခသည်များသည် မြန်မာနိုင်ငံတွင် ဖိနှိပ်ညှဉ်းပန်းမှုများနှင့် အခြား လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ထောက်ပြပြီး အစီအစဉ်များကို ပြန်လည်ရုပ်သိမ်းရန် မလေးရှားအစိုးရအား တိုက်တွန်းခဲ့သည်။
Ref : Reuters
