၅.၈.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာတွင် ရေဘေးကူညီကယ်ဆယ်ရေးလာရောက်လုပ်ကိုင်သူ လူငယ်တစ်ဦး ရေစီးဖြင့်မျောကာ ရေနစ်သေဆုံးသော ရုပ်အလောင်းကို သြဂုတ်လ ၅ရက် ၊ နံနက် ၁၁နာရီခန့်က တွေ့ရှိခဲ့ကြောင်း ရုပ်အလောင်းရှာဖွေပေးခဲ့သည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီး) သိရသည်။

ရေနစ်သေဆုံးသူမှာ ငသိုင်းချောင်းမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သော အသက် ၂၀ ခန့်အရွယ် ကိုနေမင်းခန့်ဖြစ်ပြီး လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာရှိရေဘေးသင့်သူများကို ထမင်းထုပ်ဝေပြီးအပြန်တွင် လူသွားရန်ကြိုးတန်းထားသောကြိုးကို လက်မှကိုင်၍ ကမ်းကူးရာမှ လက်မှလွတ်သွားကာ ရေမြော၍ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုမှုများအရ သိရသည်။

ရေထဲမျောပါပျောက်ဆုံးနေသော လူငယ်ကို ကယ်ဆယ်ရေးရောက်ရှိနေသော မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး) မှ ရေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက ကူညီရှာဖွေပေးခဲ့ကြကြောင်း သိရသည်။
ဩဂုတ် ၃ ရက် ညနေပိုင်းကလည်း ရေကြီးနစ်မြုပ်နေသည့် လေးမျက်နှာမြို့၊ အမှတ်(၃) ရပ်ကွက်၊ နေအိမ်အောက်ထပ်တွင် စိတ်ကျန်းမာရေးချို့တဲ့သူ အသက် ၆၉ နှစ်အရွယ် အဘွားအိုတစ်ဦး၏ ပုပ်ပွသေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရုပ်အလောင်းသယ်ယူပေးခဲ့သည့် ကိုပူတူးနှင့် ဘော်ဒါများ လူမှုကူညီရေးအသင်းထံမှ သိရသည်။
