သတိုး
၆. ၈. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် တရားဝင်ခရီးစဉ် (Official Visit) စတင်ထွက်ခွာသွားကြောင်း သိရသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်းတို့အပြင် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်ပြီး စီးပွားရေးဖိုရမ်သို့ တက်ရောက်သွားရန်ရှိလည်း ရှိကြောင်း သိရသည်။





ခရီးစဉ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြောင်း သိရသည်။
ထိုင်းနိုင်ငံ Bangkok Post သတင်းဖော်ပြချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ခရီးစဥ်သည် ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ နှစ်ရက် ကြာမြင့်မည်ဖြစ်ပြီး ခရီးစဥ်အတွင်း ထိုင်းဝန်ကြီးချုပ် အနုထင်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းအစိုးရအဖွဲ့ရုံးတွင် တရားဝင်အခမ်းအနားဖြင့် နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုမည့်အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံခေါင်းဆောင်များက ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးကြမည်ဖြစ်ကြောင်း သိရသည်။
