သတိုး
၆. ၈. ၂၀၂၆
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) တို့ ဘန်ကောက်မြို့တွင် မတွေ့ဆုံမီ တစ်ရက်အလို ဗုဒ္ဓဟူးနေ့က နယ်စပ်ဖြတ်ကျော် မြစ်ချောင်းများ၏ ရေထုအရည်အသွေး စီမံခန့်ခွဲရေးဆိုင်ရာ ထိုင်း-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များ (TOR) ကို ထိုင်းအစိုးရအဖွဲ့ (Cabinet) က အတည်ပြုလိုက်သည်။
ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ လာလိဒါ ပေရီဆွီဝတ္တနာ (Lalida Periswiwatana) က နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းစဉ် စတင်နိုင်ရန်အတွက် သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အား အဆိုပါ TOR တွင် လက်မှတ်ရေးထိုးရန် အစိုးရအဖွဲ့က လွှဲအပ်တာဝန်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ပူးတွဲလုပ်ငန်းအဖွဲ့သည် ရေထုအရည်အသွေးဆိုင်ရာ အချက်အလက်များကို မျှဝေခြင်း၊ နယ်စပ်ဖြတ်ကျော် မြစ်ချောင်းများကို စောင့်ကြည့်လေ့လာခြင်းနှင့် နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုများကို ပူးပေါင်းဖြေရှင်းခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်သည်။
အဆိုပါ လုပ်ငန်းအဖွဲ့သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းရှိ တရုတ်ကုမ္ပဏီများ လုပ်ကိုင်နေသော ရွှေနှင့် မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်များကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အဆိပ်သင့် သတ္တုဓာတ် (Heavy Metals) များ ညစ်ညမ်းမှု ဖြစ်ပေါ်နေကြောင်း ထိုင်းအာဏာပိုင်များနှင့် သုတေသီများက ထောက်ပြထားပြီး စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ဆောင်ရွက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ သတ္တုတူးဖော်မှုများကြောင့် ကော့ခ် (Kok)၊ ဆိုင် (Sai)၊ ရုခ် (Ruak) နှင့် မဲခေါင် (Mekong) မြစ်များအပါအဝင် ထိုင်းနိုင်ငံအတွင်းသို့ စီးဝင်သည့် မြစ်ချောင်းများ ရေထုညစ်ညမ်းနေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက ပြောကြားထားသည်။
ထို့အပြင် လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်စေရန်အတွက် အနှစ်သာရပိုင်း မဟုတ်သည့် ပြင်ဆင်ပြောင်းလဲမှုများ (Non-substantive changes) ကို အစိုးရအဖွဲ့ထံ ထပ်မံအတည်ပြုချက် တောင်းခံစရာမလိုဘဲ ဝန်ကြီးဌာနအနေဖြင့် တိုက်ရိုက်ပြင်ဆင် လုပ်ဆောင်ခွင့်ကိုပါ အစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် တရားဝင်ခရီးစဉ် (Official Visit) စတင်ထွက်ခွာသွားကြောင်း သိရသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်းတို့အပြင် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်ပြီး စီးပွားရေးဖိုရမ်သို့ တက်ရောက်သွားရန်ရှိလည်း ရှိကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ယနေ့ ခရီးစဥ်သည် ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ နှစ်ရက် ကြာမြင့်မည်ဖြစ်ပြီး ခရီးစဥ်အတွင်း ထိုင်းဝန်ကြီးချုပ် အနုထင်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းအစိုးရအဖွဲ့ရုံးတွင် တရားဝင်အခမ်းအနားဖြင့် နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုမည့်အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံခေါင်းဆောင်များက ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးကြမည်ဖြစ်ကြောင်း သိရသည်။
Ref: Bangkok Post
