သတိုး
၆. ၈. ၂၀၂၆
ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် စီဟာဆက် ဖူအာကက်ကောင်း ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။



ထိုနောက် နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံ၏ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံ့ခေါင်းဆောင်များ၏ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်များတွင် ဂုဏ်ပြုကြိုဆိုသည့် အစဉ်အလာနှင့်အညီ စစ်ရေးအခမ်းအနားဖြင့် ကော်ဇောနီခင်းကာ ကြိုဆိုဂုဏ်ပြုခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ယနေ့ ခရီးစဥ်သည် ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ နှစ်ရက် ကြာမြင့်မည်ဖြစ်ပြီး ခရီးစဥ်အတွင်း ထိုင်းဝန်ကြီးချုပ် အနုထင်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းအစိုးရအဖွဲ့ရုံးတွင် တရားဝင်အခမ်းအနားဖြင့် နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုမည့်အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံခေါင်းဆောင်များက ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးကြမည်ဖြစ်ကြောင်း သိရသလို ခရီးစဥ်အတွင်းနိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးကိုကိုလွင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။


