သက်တံ့
၂၃. ၅. ၂၀၂၆
အာဖဂန်နစ္စတန်၊ မြန်မာနှင့် လာအိုနိုင်ငံတို့သို့ ဓာတုပစ္စည်း ၄၁ မျိုး တင်ပို့ရာတွင် ပို့ကုန်ပါမစ် (Export Permit) ရယူရမည့် လက်ရှိစည်းမျဉ်းများကို ဆက်လက်အတည်ပြု ကျင့်သုံးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ယနေ့ ကြေညာလိုက်သည်။
ထို့ပြင် တရုတ်နိုင်ငံသည် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့သို့ တင်ပို့သည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုနိုင်သည့် ရှေ့ပြေးဓာတုပစ္စည်းများ (Precursor Chemicals) ဆိုင်ရာ ပို့ကုန်ထိန်းချုပ်မှုစာရင်းကိုလည်း တိုးမြှင့်သတ်မှတ်ခဲ့ပြီး ပို့ကုန်ပါမစ် လိုအပ်သည့် ဓာတုပစ္စည်းအရေအတွက်ကို ၁၃ မျိုးမှ ၁၆ မျိုးအထိ တိုးမြှင့်လိုက်ကြောင်း တရုတ်အာဏာပိုင်များကို ကိုးကား၍ China Daily သတင်းစာက ဖော်ပြခဲ့သည်။
တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန၊ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသား ဆေးဝါးထုတ်ကုန်ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနတို့ ပူးတွဲ၍ အဆိုပါ မူဝါဒအပြောင်းအလဲကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်သည့်နေ့မှစတင်ကာ အာဏာသက်ရောက်မည် ဖြစ်သည်။
သတ်မှတ်ထားသော သီးခြားနိုင်ငံများနှင့် ဒေသများသို့ ရှေ့ပြေးဓာတုပစ္စည်းများ တင်ပို့ခြင်းဆိုင်ရာ ယာယီစည်းမျဉ်းများနှင့်အညီ ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ ပို့ကုန်ထိန်းချုပ်မှုများကို အားကောင်းစေရန်နှင့် အဆိုပါ ဓာတုပစ္စည်းများကို မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုခြင်းမှ တားဆီးရန်အတွက် ဖြစ်သည်။
အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့အတွက် ပို့ကုန်ထိန်းချုပ်မှုစာရင်းတွင် ဓာတုပစ္စည်း သုံးမျိုး ထပ်မံဖြည့်စွက်ခဲ့ခြင်းဖြစ်သည်။ မွမ်းမံထားသော စည်းမျဉ်းသစ်များအရ ပို့ကုန်လုပ်ငန်းရှင်များသည် အဆိုပါ သုံးနိုင်ငံသို့ စာရင်းဝင် ဓာတုပစ္စည်း ၁၆ မျိုးနှင့် ယင်းတို့မှ ထွက်ရှိလာနိုင်သော ဓာတုဆား (Salts) များကို တင်ပို့ရာတွင် ပို့ကုန်ပါမစ်များ မဖြစ်မနေ ရယူရမည်ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာ၊ လာအိုနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သို့ စာရင်းဝင် ဓာတုပစ္စည်း ၄၁ မျိုး တင်ပို့မှုအတွက် ပါမစ်လိုအပ်ချက်များကို ဆက်လက်အတည်ပြု ကျင့်သုံးထားသည်။ အခြားသော နိုင်ငံများနှင့် ဒေသများသို့ အဆိုပါ ဓာတုပစ္စည်းများ တင်ပို့ရာတွင်မူ ယခုကဲ့သို့ ပို့ကုန်ပါမစ်များ ရယူရန် မလိုအပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Ref: Pajhwok
