◾️ အမေရိကန်သို့ ခိုးဝင်သူများ၊ မိခင်နိုင်ငံမှ ထွက်ပြေးလာသူများသာမက တရားဝင်ဗီဇာဖြင့် လာရောက်နေထိုင်သူများအပေါ်ပါ ရိုက်ခတ်
◾️ မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် အမေရိကန်သို့ ရောက်ရှိနေပြီး Green Card ရရှိရန် ကြိုးပမ်းနေကြသည့် မြန်မာနိုင်ငံသားများပါ အမေရိကန်ပြင်ပသို့ ထွက်ခွာလျှောက်ထားရမည့် အခြေအနေများနှင့် ကြုံတွေ့ရနိုင်
သတိုး
၂၃. ၅. ၂၀၂၆
အမေရိကန်နိုင်ငံတွင် Green Card (အမြဲတမ်းနေထိုင်ခွင့်) လျှောက်ထားလိုသည့် ရွှေ့ပြောင်းအခြေချသူ အများစုအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာကာ မိမိတို့၏ အမိနိုင်ငံ သို့မဟုတ် အမေရိကန်ပြင်ပရှိ အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးများတွင်သာ လျှောက်ထားရမည်ဖြစ်ကြောင်း မူဝါဒအသစ်တစ်ခုကို အမေရိကန်အစိုးရက ကြေညာလိုက်သည်။
“ထူးခြားဆန်းပြားသည့် အခြေအနေမျိုးမှအပ” နေထိုင်ခွင့်အဆင့်အတန်း (Status) ပြောင်းလဲရန် လျှောက်ထားသူများသည် အမေရိကန်ပြည်ထောင်စု၏ ပြင်ပရှိ ကောင်စစ်ဝန်ရုံး လုပ်ငန်းစဉ်များမှတစ်ဆင့်သာ လျှောက်ထားရမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံသားဖြစ်မှုနှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဝန်ဆောင်မှုဌာန (USCIS) က သောကြာနေ့ (မေ ၂၂ ရက်) တွင် ပြောကြားခဲ့သည်။
တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကို လျှော့ချရန် ထရမ့်အစိုးရအဖွဲ့၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်သော ယခုလုပ်ဆောင်ချက်ကြောင့် အမေရိကန်နိုင်ငံအတွင်း ရောက်ရှိနေစဉ်မှာပင် Green Card လျှောက်ထားခွင့်ရနေသည့် ဗီဇာကိုင်ဆောင်ထားသူများနှင့် လာရောက်လည်ပတ်သူများအတွက် ဥပဒေဟာကွက်ကို ပိတ်ပစ်လိုက်ခြင်း ဖြစ်သည်။
ယခင်က ကျင့်သုံးခဲ့သော ရေရှည်စနစ်သည် ကြာမြင့်လှသည့် လျှောက်ထားမှုလုပ်ငန်းစဉ်အတွင်း မိသားစုများ အတူတကွ နေထိုင်ခွင့်ရစေခဲ့ကြောင်း အဆိုပါမူဝါဒကို ဝေဖန်သူများက ထောက်ပြကြသည်။
ထို့ပြင် မူဝါဒအသစ်ကြောင့် Green Card ရရှိရန် မျှော်လင့်ချက်ဖြင့် အမေရိကန်နိုင်ငံမှ ထွက်ခွာသွားကြမည့် ရွှေ့ပြောင်းအခြေချသူအချို့အတွက် နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ခက်ခဲခြင်း သို့မဟုတ် မဖြစ်နိုင်ခြင်းတို့ ကြုံတွေ့ရနိုင်ခြေ ရှိနေသည်။
ကျောင်းသားများ၊ ယာယီအလုပ်သမားများနှင့် ကမ္ဘာလှည့်ဗီဇာဖြင့် လာရောက်သူများအနေဖြင့် အမေရိကန်နိုင်ငံပြင်ပရှိ နိုင်ငံခြားရေးဝန်ကြီးဌာန (State Department) မှတစ်ဆင့်သာ လုပ်ငန်းစဉ်ကို လုပ်ဆောင်ရမည်ဟု USCIS ၏ မူဝါဒဆိုင်ရာ မှတ်တမ်းတွင် ဖော်ပြထားသည်။
“နိုင်ငံခြားသားတွေအနေနဲ့ သူတို့ရဲ့ ဇာတိနိုင်ငံကနေ လျှောက်ထားတဲ့အခါ နေထိုင်ခွင့် ငြင်းပယ်ခံရပြီးနောက် အမေရိကန်နိုင်ငံထဲမှာ တရားမဝင် ဆက်နေဖို့ ကြိုးစားသူတွေကို လိုက်လံရှာဖွေ ဖမ်းဆီးနှင်ထုတ်ရမယ့် လိုအပ်ချက်ကို လျှော့ချပေးနိုင်ပါတယ်” ဟု USCIS က ပြောကြားပြီး ယခုစနစ်သည် “ပိုမိုမျှတပြီး ထိရောက်မှုရှိသည်” ဟု ဆိုသည်။
USCIS ကို ကြီးကြပ်ရသည့် အမိမြေလုံခြုံရေးဝန်ကြီးဌာနက X (တွစ်တာ) လူမှုကွန်ရက်ပေါ်တွင် “ကျွန်ုပ်တို့နိုင်ငံရဲ့ ရွှေ့ပြောင်းနေထိုင်မှုစနစ်ကို အလွဲသုံးစားလုပ်နေတဲ့ ခေတ်ကာလဟာ ကုန်ဆုံးသွားပါပြီ” ဟု ရေးသားထားသည်။
“နိုင်ငံခြားသားတွေအနေနဲ့ ကျွန်ုပ်တို့နိုင်ငံရဲ့ ရွှေ့ပြောင်းနေထိုင်မှုစနစ်ကို စနစ်တကျ အသုံးပြုနိုင်စေဖို့အတွက် ဥပဒေရဲ့ မူလရည်ရွယ်ချက်အတိုင်း ပြန်လည်အကောင်အထည်ဖော်တာ ဖြစ်ပါတယ်” ဟု USCIS ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဇက်ခ် ကာလာက ပြောကြားသည်။
၎င်းက ဆက်လက်၍ “ဒီနေ့ကစပြီး အမေရိကန်နိုင်ငံမှာ ယာယီရောက်ရှိနေပြီး Green Card လျှောက်ထားချင်တဲ့ နိုင်ငံခြား သားတိုင်းဟာ ထူးခြားဆန်းပြားတဲ့ အခြေအနေမျိုးကလွဲလို့ မိမိတို့ရဲ့ ဇာတိနိုင်ငံကို ပြန်ပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခုမူဝါဒသည် ဥပဒေဟာကွက်များကို အားပေးမည့်အစား ဥပဒေ၏ မူလရည်ရွယ်ချက်အတိုင်း ရွှေ့ပြောင်းနေထိုင်မှုစနစ်ကို လည်ပတ်စေမည်ဖြစ်ကြောင်းနှင့် လာရောက်လည်ပတ်ခြင်းကို Green Card ရရှိရေး ပထမခြေလှမ်းအဖြစ် အသုံးမချသင့်ကြောင်း မစ္စတာ ကာလာက ပြောသည်။
လက်ရှိ လျှောက်ထားဆဲဖြစ်သော Green Card လျှောက်လွှာများအပေါ် ယခုမူဝါဒ သက်ရောက်မှု ရှိ၊ မရှိကိုမူ ရှင်းရှင်း လင်းလင်း မသိရသေးပေ။
USCIS ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘီဘီစီသို့ ပြောကြားရာတွင် အဆိုပါမူဝါဒကို စတင်ကျင့်သုံးချိန်တွင် “စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ဖြစ်ထွန်းစေသော သို့မဟုတ် အမျိုးသားအကျိုးစီးပွားနှင့် သက်ဆိုင်သော လျှောက်လွှာများကို တင်ပြသူများအနေဖြင့် လက်ရှိလမ်းကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်နိုင်ဖွယ် ရှိသည်” ဟု ဆိုသည်။
“ကျန်တဲ့သူတွေကတော့ တစ်ဦးချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး ပြည်ပကနေ လျှောက်ထားဖို့ တောင်းဆိုခံရနိုင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
Green Card ကိုင်ဆောင်ခွင့် သို့မဟုတ် တရားဝင် အမြဲတမ်းနေထိုင်ခွင့် ရရှိခြင်းဖြင့် အမေရိကန်နိုင်ငံတွင် အမြဲတမ်း နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။ Green Card ရရှိရန် လုပ်ငန်းစဉ်မှာ အဆင့်ဆင့်ရှိပြီး လပေါင်းများစွာမှ နှစ်ပေါင်းများစွာအထိ ကြာမြင့်နိုင်သည်။
Cato Institute ၏ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လေ့လာရေးညွှန်ကြားရေးမှူး၏ အဆိုအရ လက်ရှိတွင် မိမိတို့၏ နေထိုင်ခွင့်အဆင့်အတန်း ပြောင်းလဲရန် Green Card လျှောက်ထားပြီး အတည်ပြုချက်ကို စောင့်ဆိုင်းနေသည့် တရားဝင် ရွှေ့ပြောင်းအခြေချသူ တစ်သန်းကျော် ရှိနေသည်။
ဥပဒေအတိုင်း ဆောင်ရွက်ခြင်းဖြင့် လျှောက်လွှာအများစုကို ပြည်ပရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန်ရုံးများက ကိုင်တွယ်နိုင်မည်ဖြစ်ပြီး USCIS အနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်ဘောင်အတွင်းရှိ အခြားအမှုတွဲများ (ဥပမာ – အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု ခံရသူများအတွက် ဗီဇာထုတ်ပေးခြင်း၊ နိုင်ငံသားဖြစ်ခွင့် လျှောက်လွှာများနှင့် အခြားဦးစားပေး ကိစ္စရပ်များ) ကို ပိုမိုအာရုံစိုက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မစ္စတာ ကာလာက ထောက်ပြသည်။
ယခုလုပ်ဆောင်ချက်သည် ရေရှည်ကျင့်သုံးလာခဲ့သည့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဥပဒေများ၊ လူဝင်မှုကြီးကြပ်ရေး တရားရုံး၏ ဆုံးဖြတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း အဆိုပါအေဂျင်စီက ပြောသည်။ လူဝင်မှုကြီးကြပ်ရေး အရာရှိများသည် နိုင်ငံခြားသားတစ်ဦးအား “ထူးခြားဆန်းပြားသည့် သက်ညှာခွင့်မျိုး” ပေးရန် သင့်၊ မသင့် ဆုံးဖြတ်ရာတွင် သက်ဆိုင်ရာ အချက်အလက်နှင့် အကြောင်းခြင်းရာအားလုံးကို တစ်မှုချင်းစီအလိုက် စိစစ်ရန် ညွှန်ကြားထားသည်။
ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် အစိုးရနှစ်ရပ်စလုံးလက်ထက်တွင် USCIS ၌ အဆင့်မြင့်အရာရှိကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က နုတ်ထွက်ခဲ့သည့် မစ္စတာ မိုက်ကယ် ဗယ်လ်ဗာဒီကမူ သောကြာနေ့က ကြေညာချက်သည် “နှစ်စဉ် မိသားစုများနှင့် အလုပ်ရှင် ရာပေါင်းများစွာ၏ အစီအစဉ်များကို ထိခိုက်ပျက်ပြားစေလိမ့်မည်” ဟု ဘီဘီစီ၏ အမေရိကန် မီဒီယာမိတ်ဖက်ဖြစ်သော CBS သို့ ပြောကြားခဲ့သည်။
“ဒါဟာ အမေရိကန်ကို တရားဝင် ရွှေ့ပြောင်းအခြေချမှုကို အကြီးအကျယ် ကန့်သတ်ပိတ်ပင်လိုက်တဲ့ မကြုံစဖူး လုပ်ရပ်တစ်ခု ဖြစ်ပါတယ်” ဟု မစ္စတာ ဗယ်လ်ဗာဒီက ဆိုသည်။ “ဥပဒေ စည်းမျဉ်းတွေကို သစ္စာရှိရှိ လိုက်နာခဲ့ကြတဲ့သူတွေဟာ အခုဆိုရင် ကြီးမားတဲ့ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။”ဟုလည်း ထပ်မံပြောဆိုသည်။
ထရမ့်အစိုးရအဖွဲ့သည် နိုင်ငံပေါင်း ၄၀ နီးပါးမှ နိုင်ငံသားများအပေါ် ပိတ်ပင်ကန့်သတ်မှုများ ချမှတ်ထားပြီး ဖြစ်သည်။
ယခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် အစိုးရအဖွဲ့၏ အခြားမူဝါဒတစ်ခုတွင်လည်း နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ ဗီဇာလျှောက်ထားသူများအား ဗီဇာထုတ်ပေးခြင်းအားလုံးကို ယာယီရပ်ဆိုင်းထားသည်။
အမေရိကန်ဗီဇာ သက်တမ်းကျော်လွန် နေထိုင်ခြင်းသည် ပြည်နှင်ဒဏ်ခံရခြင်း၊ နောင်တွင် ဗီဇာလျှောက်ထားခွင့် ဆုံးရှုံးခြင်းနှင့် ၁၀ နှစ်အထိ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ခံရခြင်းတို့ ဖြစ်စေနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အကြောင်းပြု၍ နည်းလမ်းမျိုးစုံဖြင့် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေကြပြီး မြန်မာအစိုးရကို တိုက်ခိုက်ကာ အမြဲတမ်းနေထိုင်ခွင့် Green Card ရရှိရန် ကြိုးပမ်းနေကြသည့် မြန်မာနိုင်ငံဖွားများအတွက်လည်း ယခုမူဝါဒအပြောင်းအလဲကြောင့် အမေရိကန်ပြင်ပသို့ ပြန်လည်ထွက်ခွာ လျှောက်ထားရမည့် အခြေအနေမျိုး ကြုံတွေ့ရနိုင်သဖြင့် များစွာ အခက်ကြုံတွေ့နေရပြီဖြစ်ကြောင်း အမေရိကန်ရောက် မြန်မာအသိုင်းအဝန်း၏ လူမှုကွန်ရက် ရေးသားဖော်ပြချက်များအရ သိရသည်။
Ref : BBC
