၂၃. ၅. ၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ရတ်ချာစီမာခရိုင်ရှိ အမှိုက်စွန့်ပစ်သည့်နေရာတစ်ခုတွင် အသက် ၃၅ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟူသော သံသယဖြင့် ထိုင်းဆယ်ကျော်သက်လူငယ် လေးဦးကို ဖမ်းဆီးလိုက်သည်ဟု Bangkok Post သတင်းဌာနက ယနေ့မနက်တွင် ဖော်ပြသည်။
အဆိုပါဖြစ်စဉ်သည် ဗုဒ္ဓဟူးနေ့ (မေ ၂၀ ရက်) ညနေပိုင်းက မောင်းမြို့နယ်ရှိ ထနွန်ချီရာ ရထားလမ်းကွန်ရက်၊ ဂျီရာဘူတာရုံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မောင်းမြို့နယ်ရဲစခန်းမှူး ရဲမှူးကြီး သီရိချိုင်း သီရိချိုင်ပန်ညာက ပြောကြားသည်။ ဖမ်းဆီးရမိသည့် ထိုင်းသံသယရှိသူ လေးဦးမှာ အသက် ၁၃ နှစ်မှ ၁၉ နှစ်ကြား အရွယ်များ ဖြစ်ကြသည်။
သေဆုံးသူမှာ ကိုအောင်ဇော် (ကိုအောင်ကျော်စိုးဟု ကနဦးသတင်းများတွင် ဖော်ပြ) ဖြစ်ပြီး ၎င်း၏အိတ်ကို ဆုပ်ကိုင်ထားလျက် အကူအညီတောင်းခံရင်း ရင်ဘတ်တွင် ဓားထိုးဒဏ်ရာဖြင့် သွေးအိုင်ထဲ၌ လဲကျနေသည်ကို တွေ့ရှိခဲ့ရသည်။ အခင်းဖြစ်ပွားရာနေရာမှာ ဒေသခံပြည်သူများ အမှိုက်လာရောက်စွန့်ပစ်သည့် နေရာတစ်ခုဖြစ်ပြီး စွန့်ပစ်ထားသော ဆိုဖာတစ်ခုလည်း ရှိနေသည်။
အဆိုပါ ဆယ်ကျော်သက်လူငယ်အမျိုးသား လေးဦးကို ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ၁၄ စင်တီမီတာ (၅ ဒသမ ၅ လက်မကျော်) ရှည်သော ဓားမြောင်တစ်ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
သံသယရှိသူများထဲမှ အသက် ၁၉ နှစ်အရွယ် ပါပန်ကွန်ဆိုသူက ၎င်းကိုယ်တိုင် သေဆုံးသူကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ဖြောင့်ချက်ပေးခဲ့သည်။ အသက် ၁၅ နှစ်အရွယ် လူငယ်နှစ်ဦးက သေဆုံးသူကို ကန်ကျောက်ခဲ့ကြောင်း ဝန်ခံခဲ့ကြပြီး အသက် ၁၃ နှစ်အရွယ် ကောင်လေးကမူ ၎င်းအား ဆိုင်ကယ်စီးဦးထုပ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြသည်။
အသက်အကြီးဆုံးဖြစ်သည့် သံသယရှိသူ (၁၉ နှစ်အရွယ်) မှာ ခိုးမှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရပြီးနောက် ပြီးခဲ့သည့်လကမှ ထောင်မှလွတ်မြောက်လာသူဖြစ်ကြောင်း ရဲမှူးကြီး သီရိချိုင်းက ပြောသည်။ ကျန်ရှိသည့် သံသယရှိသူလူငယ်များတွင်မူ ယခင်က ပြစ်မှုမှတ်တမ်း မရှိခဲ့ဖူးကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့က အသက်မပြည့်သေးသော ကျူးလွန်သူများပါဝင်သည့် ဖမ်းမိထားသူများကို သတ်ဖြတ်ရသည့်အကြောင်းရင်းနှင့် ကျူးလွန်မှုဖြစ်စဉ်ကို ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။
Ref : Bangkok Post
