◾ အမေရိကန်၏ နောက်ဆုံးအဆိုပြုချက် အီရန်တုံ့ပြန်မည်ဟု မျှော်လင့်
၂၃.၅.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုအစိုးရသည် အီရန်စစ်ပွဲပြီးဆုံးရေးအတွက် သံတမန်ရေးဖြင့် ဆက်လက်လုပ်ဆောင်နေသော်လည်း ထရမ့်ပ်အစိုးရသည် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုအသစ်များအတွက် မေလ ၂၂ ရက်အထိ ကြိုတင် ပြင်ဆင်နေခဲ့ဆဲဖြစ်ကြောင်း သတင်းရင်းမြစ်များစွာက ပြောခဲ့ ကြသည်။
မေလ ၂၂ ရက်မွန်းလွဲပိုင်းအထိ အီရန်ကို တိုက်ခိုက်မှုများနှင့်ပတ်သက်သည့် နောက်ဆုံး ဆုံးဖြတ်ချက်မချခဲ့ရသေးကြောင်းလည်း သတင်းများက ဆိုသည်။
အစိုးရနှင့်သက်ဆိုင်သော အခြေအနေများကြောင့် သမ္မတထရမ့်ပ်က သားဖြစ်သူ ဒေါ်နယ်ဒ် ထရမ့်ပ်ဂျူနီယာ၏ မင်္ဂလာပွဲကို ယခုသီတင်းပတ်ကုန်တွင် တက်ရောက်နိုင်ခြင်းမရှိကြောင်း လူမှုမီဒီယာ ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ သမ္မတသည် အောက်မေ့ဖွယ်နေ့အားလပ်ရက်ကို နယူးဂျာစီရှိ ၎င်း၏ဂေါက်ကွင်းတွင် ကုန်ဆုံးရန် စီစဉ်ထားသော်လည်း ယခုအခါ အိမ်ဖြူတော်သို့ ပြန်လာတော့မည်ဖြစ်သည်။
အမေရိကန်စစ်ဘက်နှင့် ထောက်လှမ်းရေးအသိုင်းအဝိုင်းမှ အဖွဲ့ဝင်အချို့သည် တိုက်ခိုက်မှုများဖြစ်နိုင်ခြေကို ကြိုတင်ခန့်မှန်း၍ အောက်မေ့ဖွယ်နေ့အားလပ်ရက်အတွက် ၎င်းတို့၏အစီအစဉ်များကို ဖျက်သိမ်းခဲ့ကြောင်း သတင်းရင်းမြစ်များစွာက ပြောကြားခဲ့သည်။
ဧပြီလအစောပိုင်းတွင် ယာယီအပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန်တိုက်ခိုက်မှုများကို အများအားဖြင့် ရှောင်ကြဉ်ခဲ့ကြပြီး ရေရှည်သဘောတူညီချက်အတွက် သွယ်ဝိုက်ဆွေးနွေးမှုများပြုလုပ်ကာ အချိန်ဆွဲခဲ့ကြသည်။
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီက CBS News သို့ မစ္စတာထရမ့်ပ်က “အီရန်သည် နျူကလီးယားလက်နက်ကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရှိ၊ ၎င်းတို့အနေဖြင့် သန့်စင်ပြီးယူရေနီယမ်ကိုလည်း သိမ်းဆည်းထား၍မရ” ဟု ပြောကြားခဲ့သည်ဟုဆိုသည်။
CBS News သို့ ပြောကြားခဲ့သော သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ အမေရိကန်၏ ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်အတွက် နောက်ဆုံးအဆိုပြုချက်ကို မေလ ၂၀ ရက် အီရန်သို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဤနောက်ဆုံးကမ်းလှမ်းချက်ကို ငြင်းပယ်ပါက စစ်ရေးတိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဖြစ်ကြောင်း သတိပေးချက်လည်း ပါရှိသည်ဟု သိရသည်။
“အီရန်ဟာ သဘောတူညီချက်တစ်ခု ချုပ်ဆိုဖို့ စိတ်အားထက်သန်နေပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။” ဟု ထရမ့်ပ်က မေလ ၂၂ ရက်တွင်ပြောခဲ့သည်။ ၎င်းက အမေရိကန်၏ နောက်ဆုံးကမ်းလှမ်းချက်ကို တုံ့ပြန်ရန် တီဟီရန်အား ရက်အနည်းငယ်ပေးရန် အသင့်ရှိကြောင်းလည်း ပြောကြားခဲ့သည်။ ၎င်း၏အဖွဲ့သည် အီရန်၏ ညှိနှိုင်းရေးမှူးများကို အတော်လေး အထင်ကြီးကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သော်လည်း အစိုးရအနေဖြင့် ပဋိပက္ခ ပြန်လည်ဖြစ်ပွားခြင်းမှ ကာကွယ်ရန် လုံလောက်သော အာမခံချက်များ လိုအပ်မည်ဟု သတိပေးခဲ့သည်။
အီရန်အနေဖြင့် စေ့စပ်ညှိနှိုင်းရေးတွင် ကြားခံအဖြစ် ဆောင်ရွက်နေသည့် ပါကစ္စတန်မှတစ်ဆင့် တုံ့ပြန်မှုတစ်ခု မကြာမီ ပေးပို့လိမ့်မည်ဟု မျှော်လင့်ရသည်။
Ref- CBS
