၂၃.၅.၂၀၂၆
Written by Linn Eain
ပျဉ်းမနားမြို့နယ် “PNPT ကလေးအားကစားကွင်း”အနီးတွင် ၂၀၂၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် အမျိုးသားတစ်ဦးအား သတ်ဖြတ်ပြီး လုယက်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ်သတ်စေရန် ပျဉ်းမနားခရိုင်တရားရုံးက မေ ၂၁ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
လူသတ်မှုကျူးလွန်သူ တရားခံ ကျော်ဇင်ထက် (ခ) ဗျော့ကြီးနှင့် ဝေဠုကျော် (ခ) ဝေကြီးတို့ နှစ်ဦးအပေါ် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) (ဂ)/၃၄ အရ မသေမချင်း ကြိုးကွင်းစွပ်သတ်စေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
လူသတ်မှုကျူးလွန်သူ နှစ်ဦးနှင့် သတ်ဖြတ်ခံရသူ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း (၁)ရပ်ကွက်နေ ကိုကျော်ဇင်မိုး(၃၄) နှစ်တို့မှာ ခင်မင်ရင်းနှီးသူများဖြစ်ပြီး PNPT ကလေးအားကစားကွင်းအနီး ယာခင်းလူသွားလမ်းပေါ်၌ ကိုကျော်ဇင်မိုးနှင့် တွေ့ဆုံစဉ် ငွေကြေးလိုအပ်ချက်အရ ၎င်းအား သတ်ဖြတ်ခဲ့ကြပြီး ၎င်း၏ Scoppy အမျိုးအစား ဆိုင်ကယ်နှင့် infinix အမျိုးစား လက်ကိုင်ဖုန်း ၁ လုံး၊ ငွေကျပ် ၅၀,၀၀၀ ခန့်တို့အား လုယက်ယူဆောင်ခဲ့ကြောင်း ကျူးလွန်သူများ၏ ထွက်ဆိုချက်အရ သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်က နေပြည်တော်ကောင်စီ၊ ပျဉ်းမနားမြို့နယ်၊ သဲကျွန်းကျေးရွာရှိ PNPT ကလေးအားကစားကွင်းအနီး ယာခင်းလူသွားလမ်းပေါ်တွင် အမျိုးသားတစ်ဦး (စိစစ်ဆဲ) မှာ ပါးစပ်အတွင်း ကျွန်းရွက်ခြောက်များ ဆို့သွင်းထားပြီး လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်တို့အား အင်္ကျီ/ ပလတ်စတစ်ကြိုးများဖြင့် ချည်နှောင်လျက် ဦးခေါင်းနောက်စေ့တွင် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ခန္ဒာကိုယ်၌ ပွန်းခြစ်ဒဏ်ရာများ၊ ဝဲဘက်နားသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ပြီး ရွာကောက်နယ်မြေရဲစခန်းတွင် (ပ) ၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူမှာ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း (၁) ရပ်ကွက်နေ ကိုကျော်ဇင်မိုး (၃၄) နှစ်ဆိုသူဖြစ်ပြီး ဇန်နဝါရီ ၆ ရက်၊ ည ၈ နာရီခွဲခန့်က နေအိမ်မှ နှင်းဆီအဝိုင်းဘက်သို့ ၄၇ယ/၃၂၁၉၃ နံပါတ်ပါ Scoppy အမျိုးအစားဆိုင်ကယ် ၁ စီးဖြင့် သွားရောက်ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ Scoppy အမျိုးအစား ဆိုင်ကယ် ၁ စီး၊ Infinix အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ ငွေကျပ် ၅၀,၀၀၀ ခန့်ပါ ပိုက်ဆံအိတ် ၁ လုံး၊ ယာဉ်မောင်းလိုင်စင် ၁ ခု၊ စမတ်ကတ်တို့နှင့်အတူ ပျောက်ဆုံးနေသူဖြစ်ကြောင်း သိရသည်။
ယင်းနောက် စစ်ဆေးဖော်ထုတ်ချက်များနှင့် အခင်းဖြစ်ရပ်အထောက်အထားများအရ ဇန်နဝါရီ ၁၂ ရက်၊ညပိုင်းတွင် ပျဉ်းမနားမြို့နယ်နေ တရားခံ ကျော်ဇင်ထက် (ခ) ဗျော့ကြီးနှင့် ဝေဠုကျော် (ခ) ဝေကြီးတို့ကို ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်စဉ်က လုယက်ယူဆောင်သွားခဲ့သည့် သက်သေခံ Scoppy အမျိုးအစား ဆိုင်ကယ် ၁ စီးနှင့် Infinix အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်ကို တစ်နှစ်ကျော်စစ်ဆေးအပြီး ပြစ်မှုထင်ရှားသဖြင့် ကျူးလွန်သူ ကျော်ဇင်ထက် (ခ) ဗျော့ကြီးနှင့် ဝေဠုကျော် (ခ) ဝေကြီးတို့ နှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ်သတ်စေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
