သက်တံ့
၂၅. ၇. ၂၀၂၆
တရုတ်နိုင်ငံ၏ စျေးကွက်ကြီးကြပ်ကွပ်ကဲရေး အာဏာပိုင်အဖွဲ့က ပြည်တွင်း အွန်လိုင်းဟိုတယ်ဘိုကင် စျေးကွက် (Online hotel-booking market) ကို လက်ဝါးကြီးအုပ်ကာ စျေးကွက်ကြီးစိုးထားသည့် အခွင့်အရေးကို အလွဲသုံးစားပြုလုပ်ခဲ့မှုဖြင့် Trip.com Group ထံမှ စုစုပေါင်း ယွမ် ၅ ဒသမ ၂ ဘီလီယံ (စင်ကာပူဒေါ်လာ ၉၉၁ သန်း) ကို ဒဏ်ရိုက်ခြင်းနှင့် သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဇူလိုင် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အကြီးဆုံး အွန်လိုင်းခရီးသွား ဝန်ဆောင်မှုပလက်ဖောင်းဖြစ်သော Trip.com သည် အသက်သာဆုံး စျေးနှုန်းများ ပေးအပ်နိုင်ရန် ကြိုးပမ်းရာတွင် အချို့သော ဟိုတယ်များနှင့် သီးသန့်ချုပ်ကိုင်မှု သဘောတူညီချက်များ ရရှိရေးအတွက် သုံးစွဲသူအသွားအလာ ခွဲဝေမှုစနစ်များ၊ ပလက်ဖောင်း စည်းမျဉ်းများနှင့် နည်းပညာဆိုင်ရာ နည်းလမ်းများကို အသုံးပြုခဲ့ကြောင်း စျေးကွက်ကြီးကြပ်ကွပ်ကဲရေး အာဏာပိုင်အဖွဲ့က ဆိုသည်။
စျေးကွက်ကြီးကြပ်ကွပ်ကဲရေး အမျိုးသားအာဏာပိုင်အဖွဲ့ (SAMR) က စုစုပေါင်း ယွမ် ၅ ဒသမ ၂ ဘီလီယံ ဒဏ်တပ်ရိုက်မှုတွင် Trip.com က မတရားရယူထားသော အကျိုးအမြတ် ယွမ် ၁ ဒသမ ၆၆ ဘီလီယံကို သိမ်းဆည်းခဲ့ခြင်းနှင့် ယွမ် ၃ ဒသမ ၅၂ ဘီလီယံ ဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည်။
Ctrip၊ Skyscanner နှင့် Qunar စသည့် ခရီးသွား ဘိုကင်အမှတ်တံဆိပ်များကို ပိုင်ဆိုင်သော Trip.com က “ကျွန်ုပ်တို့အနေဖြင့် ယခုဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ လက်ခံပြီး အပြည့်အဝ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကာ ပြင်ဆင်ရေးအစီအမံတစ်ခုစီကို စနစ်တကျ အကောင်အထည်ဖော်ရန် ကြီးကြပ်ကွပ်ကဲသူများ၏ တောင်းဆိုချက်များကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး အစီအမံအားလုံး ထိရောက်စွာ ဆောင်ရွက်နိုင်ရေးကို အာမခံပါသည်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် SAMR သည် ဟိုတယ်လုပ်ငန်းရှင်များထံမှ Trip.com က ထိန်းချုပ်ရယူထားသည့် အခန်းခကြိုတင်စိုက်ငွေ ယွမ် ၁၂၂ သန်းကိုလည်း ဟိုတယ်များထံ ပြန်လည်ပေးအပ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်များသည် ဟိုတယ်များ၏ အခြားပလက်ဖောင်းများတွင် လုပ်ငန်းလုပ်ကိုင်နိုင်စွမ်းနှင့် ကိုယ်ပိုင်စျေးနှုန်း သတ်မှတ်နိုင်စွမ်းတို့ကို ကန့်သတ်ခြင်းဖြင့် ပြိုင်ဆိုင်မှုနှင့် စားသုံးသူများကို ထိခိုက်နစ်နာစေခဲ့ကြောင်း အဆိုပါ အေဂျင်စီက ၎င်း၏ ဝက်ဘ်ဆိုက်ရှိ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
Trip.com သည် ဟိုတယ်များအပေါ် မတရားသော စည်းကမ်းချက်များ သတ်မှတ်ပြီး စျေးနှုန်းများ ကစားနေကြောင်း တိုင်ကြားချက်များထွက်ပေါ်ခဲ့အပြီး တရုတ်နိုင်ငံသည် ဇန်နဝါရီလတွင် လက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေး စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ခြင်းဖြစ်သည်။
Ref: The Straits Times
