ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းခွင်အား တာဝန်ရှိသူများ စစ်ဆေးနေစဉ်

၁. ၃. ၂၀၂၃
Written by Ye Kyaw

ဖေဖော်ဝါရီလအတွင်း ဝယ်လိုအားမြင့်တက်မှုနှင့်အတူ လုပ်ငန်းအသစ်များ ထုတ်လုပ်မှု အားကောင်းလာခဲ့သောကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍသည် ဆယ်လအတွင်း ပထမဆုံးအဖြစ် PMI အညွှန်းကိန်းအမှတ် ၅၀ အထက်သို့ ပြန်လည်တိုးတက်လာခဲ့ကြောင်း မတ်လ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

S&P Global က သတ်မှတ်သည့် PMI အညွှန်းကိန်းအမှတ်များသည် သုည နှင့် ၁၀၀ အထိရှိနိုင်ပြီး အညွှန်းကိန်းအမှတ် ၅၀ အထက်တွင်ရှိနေပါက တိုးတက်မှုကိုပြကာ အညွှန်းအမှတ် ၅၀ အောက်တွင်ရှိပါက ယေဘုယျအားဖြင့် ကျဆင်းမှုကို ညွှန်ပြနေခြင်းဖြစ်သည်။

အဓိကအကျဆုံး S&P Global မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းအမှတ်သည် ဖေဖော်ဝါရီလတွင် ၅၁ ဒသမ ၁ တွင် မှတ်တမ်းတင်လိုက်နိုင်ခြင်းဖြစ်ပြီး ဇန်နဝါရီလ၏ ၄၉ ဒသမ ၆ အထက်မြင့်တက်ခဲ့၍ ဆယ်လအတွင်း မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းအမှတ် အောင်မှတ်အထက်သို့ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလအတွင်း မြန်မာ့ကုန်ထုတ်လုပ်မှုတိုးတက်ခဲ့ခြင်း၏ အဓိကအကြောင်းအရင်းမှာ ဝယ်လိုအားမြင့်တက်မှုနှင့်အတူ လုပ်ငန်းအသစ်များက တိုးတက်ထုတ်လုပ်မှု အားကောင်းလာခဲ့ခြင်းကြောင့်ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

“ဖေဖော်ဝါရီ အချက်အလက်က နှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံထုတ်ကုန်စည်များအတွက် ဝယ်လိုအား ပြန်အားကောင်းလာခဲ့မှုကို စစ်တမ်းနောက်ဆုံးလအထိ ဆွဲဆန့်ပေးလိုက်မှုကို ပြသနေပြီး ထုတ်လုပ်မှုရော အော်ဒါအသစ်များပါ ပိုမြန်တဲ့နှုန်းဖြင့် တိုးလာခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ အဲဒါရဲ့ရလဒ်အဖြစ် အဓိကအကျဆုံး အညွှန်းကိန်းကို အရေးကြီးတဲ့အမှတ် ၅၀ အထက်သို ဆယ်လအတွင်းမှာ ပထမအကြိမ် ပြန်ဆွဲတင်နိုင်ခဲ့ပြီး ထုတ်လုပ်ရေးကဏ္ဍအခြေအနေ အသင့်အတင့်တိုးတက်မှုကို အချက်ပြလိုက်ပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောသည်။

သို့သော်လည်း လက်ရှိတိုးတက်မှုနှုန်းထားကို လာမည့်လများအတွင်း ဆက်လက်ထိန်းထားနိုင်မှုအတွက်မှာ ထုတ်ကုန်/သွင်းကုန်လုပ်ငန်းများအတွက် ကြန့်ကြာမှုများရှိနေခြင်းက ဝယ်လိုအားမြင့်တက်မှုကို ဖြည့်ဆည်းရန် တိုးထုတ်မည့်ကုန်စည်များအတွက် အဓိကစိန်ခေါ်မှုအဖြစ်ရှိနေကြောင်း သိရသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုများရှိနေသေးရာ ကုမ္ပဏီများရဲ့ ကုန်ထုတ်စွမ်းအားက ဝယ်လိုအားကို ဖြည့်ဖြည်းပေးနိုင်ပါ့မလာဆိုတာ မေးခွန်းထုတ်စရာပါ” ဟု စီးပွားရေးပညာရှင် Maryam Baluch က ပြောသည်။ S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပေးပို့ခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ခြင်းဖြစ်သည်။ PMI အညွှန်းမှာ အော်ဒါအသစ်များ (ရာခိုင်နှုန်း ၃၀)၊ ထုတ်လုပ်မှု (၂၅ ရာခိုင်နှုန်း)၊ အလုပ်နေရာ (ရာခိုင်နှုန်း ၂၀)၊ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှုကြာမြင့်ချိန် (၁၅ ရာခိုင်နှုန်း)နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀ ရာခိုင်နှုန်း) စသည့်အညွှန်းကိန်း ငါးခုတို့၏ ချိန်ဆတွက်ချက်ထားသည့် ပျမ်းမျှအညွှန်းကိန်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News