၁. ၃. ၂၀၂၃
Written By Thandar

ပရိသတ်နဲ့ အနည်းငယ် အလှမ်းဝေးသွားတဲ့ သရုပ်ဆောင် ဟိန်းဝေယံက သူ့ရဲ့ Life ကို တစ်ယောက်တည်းပဲ ဖြတ်သန်းဖြစ်မလား၊ မိသားစုနဲ့ ဘဝတစ်ခုကို ထူထောင်ဖြစ်သွားမလားဆိုတာ ရာနှုန်းပြည့် မပြောနိုင်သေးလို့ အိမ်ထောင်ပြုဖို့ကလည်း မသေချာသေးပါဘူးလို့ ဆိုပါတယ်။

“ကိုယ့်ရဲ့ Lifeကို တစ်ယောက်တည်းပဲ ဖြတ်သန်းဖြစ်မလား။ ဒါမှမဟုတ် မိသားစုနဲ့ ဘဝတစ်ခုထူထောင်ပြီး ဖြတ်သန်းဖြစ်မလား။ ကျွန်တော့်အနေနဲ့ ရာနှုန်းပြည့်ကြီး မပြောနိုင်သေးဘူး။ ကံဆိုတာလည်း မမြင်ရဘူးလေ။ တချို့ အိမ်ထောင်ပြုပြီး မိသားစုဘဝထူထောင်မယ်ဆိုပြီး လူပျိုကြီး အပျိုကြီးဖြစ်နေသူလည်း အများကြီးရှိပါတယ်။ တချို့က တစ်ယောက်ထဲ ဘဝကိုဖြတ်သန်းမယ်လုပ်ပြီး အိမ်ထောင်ပြုသူလည်းရှိတော့လေ။ ကံက မမြင်ရတဲ့အပိုင်းတွေရှိတယ်။ ကျွန်တော့်အနေနဲ့ ဒီအပေါ်မှာ ပုံသေအနေနဲ့ ပြောလို့မရသေးပါဘူး။ အိမ်ထောင်ပြုဖို့က မသေချာသေးပါဘူး”လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ မိသားစုပိုင် မာန်ထက်ချီထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တဲ့ တစ်ခါမိုက် ဇာတ်လမ်းတွဲမှာ ညီမဖြစ် သူ Ella ရွှေစင်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။ ဟိန်းဝေယံရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပင်လယ်စာတွေ မတည့်ပေမယ့် တခါတလေစားတဲ့အခါမှာ အသားယားတာတို့ Allergic ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

“ဒီဇာတ်ကားမှာတော့ ကျွန်တော်က ခပ်ဆိုးဆိုးပုံစံရော၊ Gentleman ပုံစံရော ပရိသတ်မြင်တွေ့ရမှာပါ။ တစ်ခါမိုက်ဆိုတဲအတိုင်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်က တစ်မျိုးဆီ မိုက်ကြတယ်။ ဒီကားရိုက်တဲ့ အချိန်မှာ အလုပ်ရဲ့စိတ်ဖိစီးမှုရှိပေမယ့် အကောင်းဆုံး ကျွန်တော်ကြိုးစားထားပါတယ်။ ဇာတ်လမ်းတွဲမှာတော့ အချိန်သေချာပေးပြီး ရိုက်ကူးရပါတယ်။ ကျွန်တော်ကတော့ ရုပ်ရှင်ကားကြီးမို့၊ ဗီဒီယိုမို့ ဇာတ်လမ်းတွဲမို့ ဆိုပြီး သရုပ်ဆောင်ပိုင်းကို ခွဲခြားသရုပ်ဆောင်တော့ မရှိပါဘူး။ အကုန်လုံးကို အာရုံစိုက်ပြီး သေချာကြိုးစားဖြစ်ပါတယ်” လို့ သရုပ်ဆောင် ဟိန်းဝေယံက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News