အင်းစိန်အကျည်းထောင်မှ လွတ်ငြိမ်းသက်သာဖြင့် ပြန်လည်လွတ်မြောက်လာသူမည့်သူများကို စောင့်ဆိုင်းနေသူများမြင်ကွင်း

၂၇. ၂. ၂၀၂၃
Translated by Htwe Ko Tun

နိုင်ငံပေါင်း ၁၆၉ နိုင်ငံအား ဆန်းစစ်လေ့လာချက်အရ ဥပဒေကြောင်းအရ အရေးမယူဘဲလွှတ်ပေးမှု အမြင့်ဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံက ထိပ်ဆုံးမှ ပါဝင်နေသည်ဟု ယခုရက်ပိုင်းတွင် ထုတ်ပြန်သည့် World Atlas အဖွဲ့၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ဥပဒေကြောင်းအရ အရေးမယူဘဲလွှတ်ပေးမှု ဆိုသည်မှာ ရာဇဝတ်မှုကျူးလွန်မှုများတွင် ထိုကျူးလွန်မှုများအတွက် တာဝန်ယူဆောင်ရွက်အပြစ်ပေးမှုမရှိဘဲ အပြစ်မှကင်းလွတ်ခွင့်ပေးသည့် အာဏာကို ကျင့်သုံးခြင်းဟုပင်ဆိုရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ၌ ဤသို့ ဆောင်ရွက်နေမှုများကို The Atlas of Impunity က လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်သောတိုင်းတာမှုငါးခုကို စံနှုန်းအဖြစ်ထားကာ တိုင်းတာအကဲဖြတ်မှုကို ထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံမှာ နိုင်ငံ ၁၆၉ နိုင်ငံအနက် ဥပဒေကြောင်းအရ အရေးမယူဘဲလွှတ်ပေးမှုတွင် အဆင့် လေးဖြင့် ထိပ်ဆုံးနေရာများမှ တစ်နိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်ကို တွေ့ရသည်။

The Atlas of Impunity က အကဲဖြတ်သည့် ထိုတိုင်းတာမှုစံနှုန်းငါးခုမှာ တာဝန်ယူခြင်းမရှိသောအုပ်ချုပ်မှု၊ လူ့အခွင့်အရေး အလွဲသုံးစားပြုမှု၊ ပဋိပက္ခနှင့် အကြမ်းဖက်မှုများ၊ စီးပွားရေးအရ မတရားပြုလုပ် အမြတ်ထုတ်မှု နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆင့်နိမ့်ကျမှုတို့ဖြင့် တိုင်းတာခြင်းဖြစ်သည်။ ဤနည်းအားဖြင့် The Atlas of Impunity က ကမ္ဘာ့နိုင်ငံပေါင်း ၁၆၉ နိုင်ငံတွင် ဥပဒေကြောင်းအရ အရေးမယူဘဲလွှတ်ပေးမှုအဆင့်ကို အမှတ်ပေးသတ်မှတ်သည်။

The Atlas of Impunity အနေဖြင့် ကမ္ဘာ့နိုင်ငံများတွင် အာဏာအလွဲသုံးစားမှုနှင့် မူဝါဒချမှတ်သူများ၏ ပြုလုပ်မှုများကို ပြောင်းလဲမှုပြုနိုင်စေရန် ရည်ရွယ်၍ ဤအကဲဖြတ်မှုကို ပြုလုပ်ပံ့ပိုးခြင်းဖြစ်သည်ဟု ဆိုသည်။ အထက်တွင် ဖော်ပြခဲ့သော စံနှုန်းများအရ နိုင်ငံ ၁၆၉ နိုင်ငံအနက် ဥပဒေကြောင်းအရ အရေးမယူဘဲလွှတ်ပေးမှုများအပေါ်  အကဲဖြတ်အမှတ်ပေးရာတွင် အာဖဂန်နစ္စတန်နိုင်ငံက ၄ ဒသမ ၂၅ မှတ်ဖြင့် အမြင့်ဆုံးနေရာတွင်ရှိပြီး ဆီးရီးယားက ၄ ဒသမ ၁၆ မှတ်ဖြင့် ဒုတိယ၊ ယီမင်က ၃ ဒသမ ၈၈ မှတ်ဖြင့် တတိယ၊ မြန်မာနိုင်ငံက ၃ ဒသမ ၈၅ မှတ်ဖြင့် စတုတ္ထနှင့် ဗဟိုအာဖရိကသမ္မတနိုင်ငံက ၃ ဒသမ ၇၇ မှတ်ဖြင့် ပဉ္စမရရှိကာ ကမ္ဘာပေါ်တွင် ဥပဒေကြောင်းအရ အရေးမယူဘဲလွှတ်ပေးမှု အမြင့်ဆုံးငါးနိုင်ငံအဖြစ် The Atlas of Impunity ကသတ်မှတ်ခဲ့သည်။

ကမ္ဘာပေါ်တွင် ဥပဒေကြောင်းအရ အရေးမယူဘဲလွှတ်ပေးမှု အနည်းဆုံးနိုင်ငံအဖြစ် ဖင်လန်နိုင်ငံက သုည ဒသမ ၂၉ မှတ်ဖြင့် သတ်မှတ်ကာ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေနှင့် ဂျာမနီတို့က ဥပဒေကြောင်းအရ အရေးမယူဘဲလွှတ်ပေးမှု အနည်းဆုံးနိုင်ငံများအဖြစ် အစဉ်လိုက်သတ်မှတ်အကဲဖြတ်ခံရကြောင်းလည်း သိရသည်။ အမှတ်ပေးရာတွင် စံနှုန်းများအရ အကဲဖြတ်၍ သုညမှတ်မှ ငါးမှတ်အကြား အမှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

Ref—-eurasiagroup

Leave a Reply

Your email address will not be published. Required fields are marked *