၂၇. ၂. ၂၀၂၃
Written by Thuta Zaw

လင်မယား စကားများရန်ဖြစ်ပြီးနောက် အိပ်ပျော်နေသည့် အမျိုးသား၏လည်ပင်းကို ဇနီးဖြစ်သူက ဓားမဖြင့် ခုတ်သတ်သည့် ဖြစ်စဉ်တစ်ခု မကွေးတွင် ဖြစ်ပွားခဲ့ကြောင်း မနောဖြူ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ ခေါ် အောင်မြင်သာ ကျေးရွာတွင် ဖေဖော်ဝါရီ ၂၅ ရက် သန်းခေါင်ယံအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလောင်းကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်း ၇ နာရီ အချိန်ခန့်က သယ်ယူခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

“ယောက်ျားက မူးပြီး စကားများ ရန်ဖြစ်ကြတာ။ ညကျတော့ ယောက်ျားက အိပ်သွားတော့ မိန်းမက ပထမ တစ်ချက် လည်ပင်းကို ဓားနဲ့ ခုတ်တယ်။ ပြီးတော့ နောက်တစ်ချက် ဆက်ခုတ်တယ်။ နှစ်ချက်ပါ။ ခေါင်းပြတ်ဖို့ တဲတဲပဲ လိုတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူနှင့် ကျူးလွန်သူ နှစ်ယောက်စလုံးမှာ အသက် ၂၇ နှစ်အရွယ် ပတ်ချာလည် အသက်အရွယ်ရှိသူများ ဖြစ်ကြပြီး ကလေး ၂ ယောက်ရှိကြောင်းလည်း သိရသည်ဟု ၎င်းက ဆိုသည်။

“ညဘက် ၁၂ နာရီ လောက်တည်းက အမှုက ဖြစ်နေတာပါ။ အရက်သောက်ထားတော့ နည်းနည်း ရစ်တာပေါ့။ အဲ့ဒါကို မိန်းမက သည်းမခံနိုင်တော့လို့ ဖြစ်တယ်လို့ သိရပါတယ်။ ဓားမကိုမှ ဓားဦးပိုင်းနဲ့ ခုတ်တာပါ” ဟု ယင်းတာဝန်ရှိသူက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News