၂၇. ၂. ၂၀၂၃
Written by Peya

စမ်းချောင်းမြို့နယ်ရှိ တိုက်ခန်းတစ်ခန်းတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားအလောင်းနှင့်အတူ ဓားဒဏ်ရာများဖြင့် လဲနေသည့် အမျိုးသမီးတစ်ဦးတို့ကို တွေ့ရှိရပြီး ဒဏ်ရာရသူကို ဆေးရုံတင်ပို့ထားရကြောင်း စမ်းချောင်းမြို့နယ်၊ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ ရက်ညက စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းရှိ တိုက်ခန်းတစ်ခန်း ၏ ၆ လွှာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ညပိုင်း ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ရဲတပ်ဖွဲ့ က အကြောင်းကြားလာသောကြောင့် ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

“တံခါးက အတွင်းကနေ ပိတ်ထားတယ်။ ရဲတွေရောက်လာတော့ သူတို့တွေ တံခါးဖျက်တော့မှ ကျွန်မတို့က ဝင်ပြီးတော့ လူနာကိုကြည့်ရတာ။ အမျိုးသားက သေဆုံးနေပြီးတော့ အမျိုးသမီးကတော့ သတိရှိသေးတယ်” ဟု တာဝန်ရှိသူက ဆိုသည်။

သေဆုံးသူ အမျိုးသားတွင် ဝမ်းဗိုက်ပိုင်း၊ ရင်ညွန့်ပိုင်းနှင့် လည်ပင်း စသည်ဖြင့် နေရာ ၅ နေရာခန့်တွင် ဓား ဒဏ်ရာရထားသည်ကို တွေ့ရကြောင်း အမျိုးသမီးတွင်မူ နေရာ ၃ နေရာခန့်တွင် ဓားဒဏ်ရာရထားသည်ကို တွေ့ရသော်လည်း အသက်သေဆုံးလောက်သည့် ဒဏ်ရာမျိုးမဟုတ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်မတို့ အကြမ်းဖျင်းသိရတာက ဘေးပတ်ဝန်းကျင်ရဲ့ ပြောကြားချက်အရတော့ စကားများတယ်။ စကားများပြီးတော့ ဝုန်းဒိုင်း ဝုန်းဒိုင်း အသံကြားလို့ ဘေးအိမ်က ထွက်ကြည့်တဲ့အချိန် အမျိုးသားက ဓားဒဏ်ရာနဲ့ အကူအညီလှမ်းတောင်းတယ်လို့ ပြောသံကြားတယ်။ သူတို့ရဲ့ ပုဂ္ဂလိကကိစ္စ ဘာဖြစ်လဲ မသိဘူး” ဟု အရန်မီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ တိုက်ခန်းတွင် ထိုးသွင်းရာ၌ အသုံးပြုခဲ့သည်ဟု ယူဆရသော ဓားနှစ်ချောင်းကို တွေ့ရပြီး တစ်ချောင်းမှာ တိုက်ခန်းအတွင်းရှိနေကာ ကျန်တစ်ချောင်းမှာ တိုက်ခန်းတံခါး အပြင်ဘက်တွင် ရှိနေသည်ကို တွေ့ရကြောင်းနှင့် ကနဦး ယူဆချက်အရ အပြန်အလှန် ဓားဖြင့် ထိုးသည်ဟု ယူဆရသည့် အခြေအနေရှိကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News