ရန်ကုန်မြို့လယ်ရှိ သဘာဝတရားရိပ်သာမှ လှူဒါန်းသည့် ဆန်၊ ဆီ၊ စားဖွယ်များ ရယူရန် တန်းစီနေသည့် ရန်ကုန်ပြည်သူများ

၂၆. ၂. ၂၀၂၃
Written by Phyo Wei

ပြည်တွင်းရွှေစျေးက တစ်ကျပ်သား ကျပ် ၂၇၉၀၀၀၀ ပဲရှိသင့်တာကြောင့် တစ်ပြေးညီရောင်းချပါလို့ ညွှန်ကြားကြပေမဲ့လည်း ရွှေတစ်ကျပ်သားကို ၂၈ သိန်းခွဲလောက်က မဆင်းခဲ့ကြတဲ့ ဒီရက်သတ္တပတ်မှာ နယ်စပ်ကနေ တင်ပို့နေတဲ့ဆန်တွေမှာလည်း ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်စျေးနဲ့ လဲရတော့မယ်ဆိုတာကြောင့် စျေးနှုန်းထိန်းချုပ်နိုင်မှုမရှိလို့ အဆမတန်မြင့်တက်လာနေတဲ့ ဆန်စျေးအပေါ် ဘယ်လောက်တောင် အကျိုးသက်ရောက်မလဲ။ ဒါမှမဟုတ် ပိုအကျိုးရှိနေတဲ့ ပြည်တွင်းမှာပဲ ပြန်ရောင်းလို့ ဆန်စျေးတည်ငြိမ်လာမလား တွေးစရပါ။ ဒါ့အပြင် ISP Myanmar ကလည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လမှာ မြန်မာ၊ တရုတ် ကုန်သွယ်မှုစာရင်းတွေက မြန်မာဘက်မှာ ဒေါ်လာ ၆ ဘီလျံကျော်ပဲရှိပေမဲ့ တရုတ်ဘက်မှာတော့ ဒေါ်လာ ၁၇ ဘီလျံလောက်ရှိနေတယ်လို့ ဖော်ပြပါတယ်။ ဒါတွေက အစိုးရအဆက်ဆက်ဖြစ်နေခဲ့တဲ့ ကွာဟချက်တွေဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် နယ်စပ်တွေကို တိုင်းရင်းသားလက်နက်ကိုင်တွေချုပ်ကိုင် မှောင်ခိုဂိတ်တွေဖွင့်ကြတဲ့အခါ ဒီဂိတ်တွေက သွင်းတာတွေက အဆမတန်များနေတာကြောင့်လည်းပါတယ်ဆိုတာ မေ့ထားလို့မရကြောင်းပြောရမဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် ကုန်စျေးနှုန်းပဲတက်ပြီး ကုန်စည်မပြတ်ဘူးဆိုတဲ့အခြေအနေတွေအကြောင်း၊ တိုးတက်လာတယ်ဆိုတဲ့ မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းတွေအကြောင်းနဲ့ သုံးဆကျော်မြင့်တက်လာတယ်ဆိုတဲ့ ရန်ကုန်မြို့ရဲ့ ဆင်းရဲမွဲတေမှုနှုန်းတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။

“ကုန်စျေးနှုန်းပဲတက်ပြီး ကုန်စည်မပြတ်တဲ့အခြေအနေ”

ပြီးခဲ့တဲ့နှစ်နှစ်အတွင်း နိုင်ငံ့စီးပွားရေးအကျပ်အတည်းရှိခဲ့ပေမဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုကလွဲပြီး ကုန်စည်ပြတ်တောက်မှုမရှိခဲ့ဘူးလို့ SAC ဥက္ကဋ္ဌက ပြောလာတာတွေ့ရပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက နှစ်ပိုင်းပါ။ ပထမတစ်ပိုင်းက နိုင်ငံကို အလုံးစုံပျက်သုဉ်းဖို့ ကြိုးစားအားထုတ်သူတွေရဲ့ လုပ်ရပ်ကြောင့် စီးပွားရေးတွေမလည်ပတ်၊ ကုန်ထုတ်လုပ်မှုတွေရပ်၊ လုပ်ငန်းကဏ္ဍအားလုံးလိုလို ပြတ်တောက်သွားတဲ့ဖြစ်စဉ်တွေကြောင့် ကုန်စည်ပြတ်လပ်မှုအဆင့်မဟုတ်တောင် ကုန်စည်ရှားပါးမှု အဆင့်ကို ရောက်ခဲ့တာတွေ့ရသလို ကမ္ဘာလုံးဆိုင်ရာ Food Security အကျပ်အတည်းကြောင့်လည်း ကုန်စျေးနှုန်းတွေ မြင့်တက်ခဲ့တာ တွေ့ရပါတယ်။

ဒုတိယတစ်ပိုင်းကတော့ ကုန်စျေးနှုန်းတွေ မြင့်တက်ပြီး ဝင်ငွေတက်မလာတာ၊ အနည်းဆုံးအခကြေးငွေ မပြင်ဆင်နိုင်တာ၊ ဒေါ်လာ၊ ရွှေ၊ အိမ်၊ ခြံ၊ မြေ၊ ကား စတဲ့ အခြေပစ္စည်းတွေ စျေးမြင့်တက်လာမှုကြောင့် လိုက်တက်လာတဲ့ ကုန်စျေးနှုန်းကြားမှာ ကုန်စည်မပြတ်လပ်ပေမဲ့လည်း ပုံမှန်ရနေတဲ့ဝင်ငွေကိုက စားဖို့တောင် အနိုင်နိုင်ဖြစ်သွားရတဲ့ မိသားစုတွေ အများကြီးအခြေအနေပါ။ သေချာတာကတော့ ကုန်စည်ပြတ်လပ်တာ မကောင်းသလို ကုန်စျေးနှုန်းတက်တာကလည်း အလွန်အကျွံတက်တာဖြစ်လို့ စိတ်ပျက်ဖွယ်ကောင်းတဲ့အခြေအနေလို့ ဆိုရမှာပါ။

“တိုးတက်လာတဲ့ မြန်မာ့ဆောက်လုပ်ရေး”

NLD အစိုးရဟောင်း လက်ထက် လာဘ်ပေးလာဘ်ယူမှုတွေနဲ့ နာမည်ကျော်ခဲ့တဲ့ ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဟာ သူတာဝန်စယူတဲ့ ၂၀၁၆ မှာ ရန်ကုန်က ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းစေခဲ့လိုက်တာဟာ NLD အစိုးရကာလတစ်လျှောက်လုံး မြန်မာ့စီးပွားရေးကျပြီး ဦးသိန်းစိန်လက်ထက် မြန်မာ့စီးပွားရေးတိုးတက်မှုကို မမီခဲ့တဲ့ ပြယုဂ်တစ်ခုဖြစ်တယ်လို့ သတ်မှတ်မှုတွေ ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ထူးထူးခြားခြားပါပဲ။ ပဋိပက္ခတွေကြားက မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းဟာ တည်ငြိမ်စွာတိုးတက်နေပြီး စျေးကွက်တစ်ခုလုံးဟာ ၈ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ပြီး ကျပ် ၈၅၈၀ ဘီလျံအထိ စျေးကွက်အရွယ်အစားဖြစ်လာမယ်လို့ ကမ္ဘာကျော် Research and Market က ခန့်မှန်းလာပါတယ်။

လက်ရှိမှာဆိုရင်လည်း EAOs, NUG နဲ့ PDF တွေဖျက်ဆီးမှုကြောင့် နိုင်ငံပိုင်ရုံးတွေ၊ ကျောင်းတွေ၊ အဆောက်အအုံတွေအပါအဝင် နိုင်ငံတော်ပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင်ပစ္စည်းတွေ တစ်နိုင်ငံလုံး ပျက်စီးဆုံးရှုံးမှုက ၄,၉၁၇ ခု၊ ကားလမ်းတွေ၊ ရထားလမ်းတွေ၊ တံတားတွေ၊ လျှပ်စစ်တာဝါတိုင်တွေနဲ့ ဆက်သွယ်ရေးတာဝါတိုင် တွေကို ဗုံးခွဲဖျက်ဆီးမီးရှို့တာက အကြိမ် ၁၈၀၀ ကျော်မို့လို့ ဒီလို ဖျက်ဆီးခံရတဲ့ နိုင်ငံပိုင်အဆောက်အအုံတွေ ပြန်တည်ဆောက်ရမဲ့ ဆောက်လုပ်ရေးကဏ္ဍကိုပါ တွက်ဆတယ်ဆိုရင်တော့ ဆင်းရဲမွဲတေတဲ့ မြန်မာနိုင်ငံအတွက်တော့ ဒီဆောက်လုပ်ရေးကဏ္ဍတိုးတက်မှုက ပျော်စရာတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ နောင်မှာ ဒီလိုမျိုးဖြစ်မလာဖို့ဆိုရင်တော့ ဖြစ်နိုင်ချေတစ်ခုဟာ NCA ထိုးထားပြီး ငြိမ်းချမ်းရေးယူချင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို သူတို့နဲ့ NUG, PDF တွေ ဖျက်ဆီးထားတဲ့လမ်းတွေ၊ တံတားတွေ ပြန်ဆောက်ခိုင်းပြီး သူတို့ကို ဖြတ်သန်းခ ကောက်ခိုင်းဖို့ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ဆောက်တဲ့ လမ်း၊ တံတား သူတို့ပြန်ဖျက်ဆီးတော့မှာမဟုတ်သလို ငြိမ်းချမ်းရေးကနေ တရားဝင်လမ်းကြောင်းပေါ်မှာ သူတို့အကျိုးစီးပွားတွေ ရှိလာသရွေ့ ခက်ခဲနေတဲ့ ငြိမ်းချမ်းရေးလည်း ပိုပိုလွယ်ကူလာမယ်ဆိုတာတော့ အကြံပြုရမှာပါ။

“သုံးဆကျော် မြင့်တက်လာတဲ့ ရန်ကုန်ဆင်းရဲမှုနှုန်း”

ရန်ကုန်မြို့ရဲ့ ဆင်းရဲမှုနှုန်းဟာ ပြီးခဲ့တဲ့ ၅ နှစ်နဲ့ နှိုင်းယှဉ်မယ်ဆို လက်ရှိအချိန်မှာ သုံးဆခန့် ပိုမိုမြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP က ဆိုပြီး သူ့အဆိုအရ ရန်ကုန်မြို့ဆင်းရဲမှုနှုန်းဟာ ၂၀၁၇ ခုနှစ်က ၁၃ ဒသမ ၇ ရာခိုင်နှုန်းသာရှိခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာ သုံးဆနီးပါးမြင့်တက်လာခဲ့ပြီး ဆင်းရဲမှုနှုန်း ၄၁ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ဆိုပါတယ်။ ရန်ကုန်မြို့မှာ နေထိုင်သူ အမျိုးသား၊ အမျိုးသမီးတွေဟာ ဥပဒေပိုင်းအရ အပြည့်အဝကာကွယ်မှု မရရှိတာ၊ စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတာ့အပြင် ရှင်သန်နေထိုင်မှုစရိတ်ကြီးမြင့်တာ၊ ကျန်းမာရေးဝန်ဆောင်မှုတွေ ကောင်းမွန်စွာမရရှိတာတွေနဲ့ တွေ့ကြုံနေရတယ်လို့ ဆိုပါတယ်။

တချို့သော ကိန်းဂဏန်းအချက်အလက်တွေဟာ ငြင်းချင်စရာကောင်းပေမဲ့ တချို့သော အခြေအနေတွေကတော့ လက်ခံရမဲ့အခြေအနေပါ။ ဥပမာအားဖြင့် ရန်ကုန်မြို့စွန်တွေမသွားဘဲ ဆန်နဲ့ ဆီကို လျှော့စျေးနဲ့ ရန်ကုန်မြို့လယ်နဲ့ အချက်အခြာကျတဲ့ မြို့နယ်တွေကို သွားရောင်းကြည့်မယ်ဆိုရင်ကို လူရာချီတန်းစီပြီး လာဝယ်နေကြတဲ့ မြင်ကွင်းတွေဟာ ရန်ကုန်ပြည်သူတွေ မရိုးအောင်မြင်နေရတဲ့ မြင်ကွင်းဖြစ်သလို ဆန်ဝေတယ်၊ ဆီဝေတယ်ကြားရင် ရောက်ရာအရပ်က ပြေးလာတန်းစီကြတဲ့ မြင်ကွင်းတွေဟာ နှလုံးသားနဲ့ နားထောင်ကြည့်မှ ကြားသိနိုင်မဲ့ ကျပ်တည်းမှုတွေပါ။ ကမ္ဘာ့လူနေမှုစရိတ်အမြင့်ဆုံးနိုင်ငံတွေရဲ့ မြို့တော်တွေထဲက စရိတ်အမြင့်ဆုံးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ ရှင်သန်ရတာ သိပ်ခက်ခဲပါတယ်။ အထူးသဖြင့် လက်ရှိကာလလို နိုင်ငံတော်အကျပ်အတည်းမျိုးစုံ၊ ဖျက်ဆီးတိုက်ခိုက်ဖြိုဖျက်လိုသူမျိုးစုံ၊ ငတ်နေသူများမှ ထကြွလာမယ်ယုံကြလို့ ငတ်ကြအောင် ကြံဆောင်သူမျိုးစုံ၊ ကုန်စျေးနှုန်းတွေ အဆမတန်မတက်တက်အောင် လုပ်ဆောင်နေသူမျိုးစုံရှိနေတဲ့ အကာလမျိုးမှာ ပိုခက်ပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *