၂၆. ၂. ၂၀၂၃
Written by Nay Moe

တရုတ်နှင့် KNU ပေါင်း၍ ကရင်ပြည်နယ်တွင် တရားမဝင် ကာဆီနိုလောင်းကစားမြို့သစ်တည်ဆောက်နေမှု၌ KNU ပါဝင်ပတ်သက်ခြင်းမရှိဟု ယနေ့ညတွင် ကြေညာချက်ထုတ် ငြင်းဆိုသော်လည်း ထိုငြင်းဆိုချက်ထုတ်ပြန်စာအောက်တွင်ပင် တရားမဝင်လောင်းကစားမြို့သစ်အား ဆက်လက်ခွင့်ပြုနေသည့် KNU အား ဆက်လက်ဝေဖန်မှုများ ပြုလုပ်နေသည်။

ကမ္ဘာဒီးယားနိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ နှိမ်နင်းမှုများကြောင့် တိမ်းရှောင်ထွက်ပြေးလာကြသည့် နိုင်ငံခြားသားရာဇဝတ်သားများက ကရင်ပြည်နယ် မောထိုတလေးနယ်မြေတွင် တရားမဝင် လောင်းကစားလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် မြို့သစ်တည်ဆောက်ရေးစီမံကိန်းများကို စီစဉ်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သတင်းဌာနများက ဖော်ပြကြသည်။

မြဝတီမြို့တောင်ဘက်၊ မောထိုတလေးနယ်မြေတွင်ရှိသော ၎င်းမြို့သစ်စီမံကိန်း အုတ်မြစ်ချပွဲ အခမ်းအနား အား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပခဲ့သည်။ ထိုအခန်းအနားသည် Huanya International Holding Group ogolo Trans – Asia International Holding Group (Thailand) Co. Ltd နှင့် ကရင်ဒေသခံကုမ္ပဏီဖြစ်သော “မုလအိ အလင်းကုမ္ပဏီလိမိတတ်” တို့အကြား လုပ်ငန်းစတင်နိုင်ရေးအတွက် မြေငှားရမ်းစာချုပ် ချုပ်ဆိုခြင်းအဖြစ် ကနဦးနားလည်ကြပြီး KNU မှ စောရောဂျာခင်က ဒေသခံ မြေပိုင်ရှင် ပြည်သူလူထု ကိုယ်စား အသိသက်သေအဖြစ် ကိုယ်စားပြု တက်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု KNU က ဆိုသည်။

သို့သော် ၎င်းအခမ်းအနားတွင် ဒေသခံကုမ္ပဏီနှင့် မြေပိုင်ရှင်ပြည်သူလူထုအား အသိပေးထားခြင်းမရှိသော “KNU နှင့် Huanya International Holdings Group အကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် လက်မှတ်ရေး ထိုးခြင်းနှင့် အုတ်မြစ်ချပွဲအခမ်းအနား” ဟု ဆိုသည့် ဆိုင်းဘုတ်တင်ထားခြင်း ခံရသောကြောင့် KNU နှင့် KNU ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်၊ ကာကွယ်ရေးဌာန ဌာနမှူး တစ်ဦးဖြစ်သည့် စောရောဂျာခင် တို့အပေါ်ပြည်သူအများက အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်လာခဲ့သည်ဟု KNU က ငြင်းသည်။

သို့သော် ဆောက်လုပ်ရေးလုပ်ငန်းစတင်သည့် (၆) လကာလမှစတင်၍ “မုလအိ အလင်းကုမ္မဏီလိမိတက်” သည် ထိုင်းနိုင်ငံအခြေစိုက် Trans – Asia International Holding Group (Thailand) Co. Ltd (Huanya International Holdings Group လက်အောက်ခံ)တို့အကြားအငြင်းပွားမှုများစဉ်ဆက်မပြတ်ဖြစ်ခဲ့ပြီး “မုလအိ အလင်း ကုမ္မဏီလိမိတက်” က ၂၀၂၂ ခုနှစ်တွင် စီမံကိန်းမှ နုတ်ထွက်သွားပါသည်။ ၎င်း၏ လစ်လပ်သွား သည့်နေရာတွင် နောက်ထပ်ဒေသခံကုမ္မဏီ တခုဖြစ် သော (Trust Star Com. Ltd) က ၂၀၂၂ နှစ်ကုန်ပိုင်းတွင် အစားထိုး ဝင်ရောက် လုပ်ကိုင်လျက်ရှိသည်ဟု KNU က ဆိုသည်။

သို့သော် ပဒိုစောရောဂျာခင် က Huanya International Holdings Group ကို လုပ်ပိုင်ခွင့်ပေးခဲ့သည် ဟု ၂၀၂၃ ဇန်နဝါရီ ၁၇ ရက်နေ့တွင် သတင်းဌာနတစ်ခုက ထပ်မံ ဖော်ပြခဲ့သည်။ ဤအချက်ကြောင့်လည်း KNU အပေါ် အထင်မှားအမြင်မှားမှုများ ထပ်ဆင့်ပေါ်ပေါက်လာရသည်ဟု ဆိုသည်။

KNU သည် ဤသို့သောစီမံကိန်းမျိုးများနှင့် မည်သို့မျှပါဝင်ပတ်သက်ခြင်းများမရှိသလို၊ အခြားသောမည်သည့် တရားမဝင်လောင်းကစားလုပ်ငန်းများနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် အခြားသော ရာဇဝတ်မှုများနှင့်မကင်းသည့်လုပ်ငန်းများ ကရင်ပြည်နယ်အတွင်း လုပ်ဆောင်ခြင်းကို လက်မခံကြောင်း အတိ အလင်း တရားဝင်ထုတ်ပြန် ကြေညာသည်ဟု KNU က ဆက်လက်ငြင်းသည်။

မည်သည့် KNU အစည်းအရုံးဝင် တစ်ဦးတစ်ယောက်ကို မှ ဤသို့သော ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခြင်း၊ ထောက်ကူ ခြင်း စသည်တို့ကို ဖြစ်စေသည့် မည်သည့် လုပ်ရပ်မဆိုတွင် ပါဝင်ခြင်းမှ တားမြစ်ထားသည်ဟုလည်း KNU က ဆိုသည်။

သို့သော် ထိုသို့ တရားမဝင်မြို့ ကာစီနိုလောင်းကစားမြို့သစ် KNU နယ်မြေတွင် ဆက်လက်လုပ်ဆောင်နေခြင်းကို KNU ကိုပါ စွပ်စွဲခံနေရသည့်ကြားမှ ဖျက်သိမ်းခြင်းမပြုသည့်အပေါ် Kaw Thoo Mwel အကောင့်ပိုင်ရှင်က Karen National Unity Page ၏ ထုတ်ပြန်စာအောက်တွင် “လုံးဝမပတ်သက်ဘူးဆိုတာမျိုး။ KNU ဗဟိုကော်မတီဝင်တွေအပါအဝင် လူကြီးပိုင်းတွေ မပါဘူးဆိုတာ အပြတ်ပြောရဲတဲ့နေ့ရှိရင်ပြောပါ။ အဲဒီလိုမဟုတ်ဘဲ KNU စည်းတံဆိပ်နဲ့ စာထုတ်ပြန်တာ ရုပ်ပေါက်လွန်းပါတယ်”ဟု ဝေဖန်သည်။

KNU သည် ကရင့်မြေပေါ်တွင်ရောက်ရှိလာသည့်မည်သည့်လောင်းကစားလုပ်ငန်းများမဆိုသည် ထူးခြားဆိုးဝါးပြင်းထန်သော လူမှုဒုက္ခများကို ဆောင်ကြဉ်းပေးရန်သာရှိပြီး ဒေသတွင်းရာဇဝတ်မှုဖြစ်ပွားမှုနှုန်းကို တိုးတက်စေနိုင်ကြောင်းကို အခိုင်အမာယုံကြည်ပြီး ကရင်ပြည်နယ်အတွင်း တရားမဝင်ရာဇဝတ်မှုလုပ်ငန်းများနှင့် ဆက်နွယ်နေသည့် လောင်းကစားလုပ်ငန်းများ ပပျောက်ရေးကို လိုလားသည်ဟုလည်း KNU ထုတ်ပြန်စာတွင် ဖော်ပြထားပြီး ထိုသို့ဖော်ပြထားမှုအပေါ် Saw Htee Khu အကောင့်ပိုင်ရှင်က ” ပိပိရိရိလိမ်နေတာ။ ကိုယ်ပိုင်တဲ့နယ်မြေကို အခြားနိုင်ငံတစ်ခုက တရားမဝင်လာရောက်လုပ်ကိုင်နေတာ၊ လောင်းကစားပါနေတာ နယ်မြေခံလက်နက်ကိုင်အဖွဲ့မပါဘဲနဲ့ ဘယ်သူမှ မလုပ်ရဲပါဘူးနော်။ လိမ်ပါ။ ဆက်လိမ်ပါ”ဟုလည်း မှတ်ချက်ပေးထားသည်။

KNU အနေဖြင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်သော်လည်းကောင်း၊ တရားဥပဒေစိုးမိုးမှု ထိန်းသိမ်း ရေးအဖွဲ့အစည်းများနှင့်သော်လည်းကောင်း၊ အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် မည်သည့်အဖွဲ့အစည်းများနှင့်မဆို တက်ကြွစွာပူးပေါင်းကာ ကရင်ပြည်နယ်နှင့် ဒေသအတွင်း တရားမဝင်ရာဇဝတ်မှုလုပ်ငန်းများ၊ လောင်းကစားလုပ်ငန်းများ လျော့နည်းပပျောက်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ် နိုင်ငံထူထောင်ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း KNU ၏ ဖြေရှင်းချက်တွင် ထည့်သွင်းရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *