ခြောက်နှစ်ကြာ ဖလားလက်မဲ့စံချိန်ကို ရေနံလောင်းထားတဲ့ ငှက်ကျားအသားစားပြီး အဆုံးသတ်ခဲ့တဲ့ သရဲနီ

၂၇. ၂. ၂၀၂၃
Written by Tha Doe

နှစ်ပေါင်း ၆၀ ကျော် ဖလားလက်မဲ့ နယူးကာဆယ်ဟာ ရေနံစွမ်းအားတွေနဲ့ ပထမဆုံးပြည်တွင်းဖလားအိပ်မက်ကို အသက်သွင်းဖို့ကြိုးစားပေမဲ့ တန်ဟတ်လက်အောက်မှာ ပျောက်ဆုံးဝိညာဥ်ပြန်ရှာတွေ့ထားတဲ့ သရဲနီတွေရဲ့ နိုးထလာမှုကို တွန်းလှန်နိုင်စွမ်းမရှိဘဲ လွယ်လွယ် ဒူးထောက်အညံ့ခံခဲ့ရပါတယ်။

ပွဲထွက်လူစာရင်းမှာ အဓိကလူတွေနဲ့ပွဲထွက်လာခဲ့တဲ့ သရဲနီတွေဟာ ငှက်ကျားတွေအသားကို အမြန်စားဖို့အတွက် ပွဲစကတည်းက တရစပ်တိုက်စစ်ဆင်နေတာပါ။ ဒါပေမဲ့လည်း ရေနံသူဌေးတွေရဲ့ စောင်မကြည့်ရှုမှုအောက်မှာ အရင်တုန်းကလိုပြန်ပြီး ဖျက်မြင်းဖြစ်လာတဲ့ နယူးကာဆယ်ဟာ မာမာထန်ထန်ဘဲ သူတိုက်ကိုယ်တိုက် ဆိုင်တိုက်ပေမဲ့လည်း ပြန်လည်နိုးထလာတဲ့ သရဲနီဝိညာဥ်ရဲ့ နိုးထမှုစွမ်းအားကို ယှဥ်ဖို့တော့ မစွမ်းသာခဲ့ပါဘူး။ ဒါကြောင့်မို့လို့ သရဲနီတို့ရဲ့ နိုးထခြင်းကို အဆက်မပြတ်စီးနေတဲ့ ရေနံထုကြီးလည်း တားမြစ်နိုင်စွမ်းမရှိခဲ့ဘဲ ပထမပိုင်း ၃ မိနစ်မှာရရှိလာတဲ့ ပြစ်ဒဏ်ဘောကို သရဲနီကွင်းလယ်ရဲ့ အခိုင်ခန့်ဆုံးကျောက်ဆောင်ကြီးကာစီမီရိုက လှလှပပ ခေါင်းတိုက်သွင်းယူမှုကို ခွင့်ပြုပေးလိုက်ရရှာပါတယ်။

ပထမတစ်ဂိုးပေးလိုက်ရပြီးတဲ့နောက်မှာ ချေပဂိုးရဖို့ အပြင်းအထန်ကြိုးစားလာတဲ့ ငှက်ကျားတွေဟာ သူတို့ရင်ဆိုင်နေရတာက တစ်ချိန်တုန်းက အသင်းတိုင်းဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရပြီး လက်ရှိမှာ အဲဒီဝိညာဥ်ပြန်ရနေတဲ့သရဲနီဖြစ်တယ်ဆိုတာ မေ့လျော့ခြင်းရဲ့ မဟာအမှားကို ၃၉ မိနစ်မှာ ထပ်ခံစားလိုက်ရပြီး ဒုတိယဦးဆောင်ဂိုးကို နာကျင်ခါးသက်စွာ ထပ်မံခွင့်ပြုခဲ့ရပြန်ပါတယ်။ ၃၉ မိနစ်မှာရလာတဲ့ မန်ယူရဲ့ ဒုတိယဂိုးကိုတော့ ကမ္ဘာ့ဖလားအပြန်ကတည်းက ကမ္ဘာ့အဆင့်ခြေစွမ်းတွေထုတ်ပြလာနေတဲ့ ရပ်ရှ်ဖို့ကပဲ မန်ယူအတွက် အနိုင်သေချာစေမဲ့ ဒုတိယဂိုးကို ခံစစ်ကောင်းလှပါတယ်ဆိုတဲ့ နယူးကာဆယ် ရူးသွားမတတ်ဖြစ်အောင် လှလှပပကန်သွင်းယူပြရာမှာ တားဆီးခဲ့တဲ့ ဘော့မန်နဲ့ရှပ်ထိပြီး လမ်းကြောင်းအနည်းငယ်ပြောင်းကာ ဂိုးဝင်သွားခဲ့ပါတယ်။ ဘော့မန် မတားလည်း ဂိုးမဲ့ဒီဂိုးဟာ သူ့ကိုနာမည်ပျက်စေတာကလွဲရင် ဘယ်သူ့အတွက်မှအကျိုးမဖြစ်ခဲ့သလို ရပ်ရှ်ဖို့အတွက်လည်း ကရာဘောင်ဗိုလ်လုပွဲမှာ ဂိုးသွင်းပြန်ပြီဆိုတဲ့မှတ်တမ်းလေး ချေဖျက်ခံရတာကြောင့် ဘယ်သူ့ဘယ်သူမှ အကျိုးမပြုခဲ့တဲ့ OG လို့ ဆိုရမှာပါ။ အဲဒီနောက်မှာတော့ မန်ယူကို ဘတစ်ပြန် ကျားတစ်ပြန် ခံကန်နေတဲ့ နယူးကာဆယ်ဟာ သရဲနီတို့ရဲ့ ဖလားဆာလောင်နေတဲ့ မှော်ဝင်ဝိညာဥ်အောက်မှာ အရာရာခယခဲ့ရပြီး ရေနံဘယ်လောက်လောင်းလောင်း မျိုးစေ့မမှန်ရင် အပင်မသန်ဘူးဆိုတာ လက်ခံလိုက်ရပုံမျိုးနဲ့ ပထမပိုင်းမှာတင် နှစ်ဂိုးရှုံးရလဒ်ကို ခါးခါးသီးသီးလက်ခံလိုက်ကြရပါတယ်။

ဒုတိယပိုင်းအစမှာတော့ ဝယ်ထားတဲ့ရေနံသူဌေးတွေရဲ့ မျက်နှာကို အားနာပုံရတဲ့ ငှက်ကျားတွေဟာ သရဲနီဝိညာဥ်ပူးကပ်နေတဲ့ မန်ယူနတ်ဆိုးတွေကို ချေပဂိုးဂါထာတဖွဖွရွတ်ရင်း ပူးကပ်နေတဲ့သရဲကို ခွာချဖို့အင်တိုက်အားတိုက် ကြိုးစားလာပါတယ်။ ဒါပေမဲ့ နှစ်ဂိုးပြတ်အနိုင်ဂိုးသွင်းထားတဲ့ မန်ယူခံစစ်ဟာ ဒီရာသီမှာ အမာကျောဆုံးဖြစ်နေပြီး ခံစစ်ကောင်းလှပါတယ်ဆိုတဲ့ လာလီဂါဘုရင်ဘာစီလိုနာကိုတောင် ဒိုင်ကူနေတဲ့ကြားက အနိုင်ယူလာတဲ့အသင်းဆိုတာ သူတို့မေ့နေတဲ့ ဆိုးကျိုးကိုတော့ ပထမနှစ်ဂိုးကို တစ်ဂိုးမှ ပြန်မချေပနိုင်ဘဲ အရှုံးကိုပဲ ခါးခါးသီးသီးခံစားလိုက်ရပါတယ်။

ဒီနေ့ပွဲမှာ နယူးကာဆယ် ရှုံးနိမ့်ခဲ့တယ်ဆိုပေမဲ့လည်း မန်ယူကို သူတစ်ပြန်ကိုယ်တစ်ပြန် အကောင်းဆုံးတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပြီး ထရစ်ပီယာ၊ မက်ဆီမင်၊ အယ်လ်မီရွန်စတဲ့ ငှက်ကျားတို့ရဲ့ တိုက်စစ်ကို တားဆီးဖို့အတွက် အနိုင်ဂိုးနှစ်ဂိုးရပြီးချိန်မှာ ဒုတိယပိုင်း ၄၆ မိနစ်ကစ ဒါးလော့အစား ခံစစ်ပိုအားသန်တဲ့ ဘိဆာကာ၊ ဖရက်အစား ဆဘစ်ဆာကို ၆၉ မိနစ်၊ မိနစ် ၇၀ မှာ ဝက်ဂ်ဟော့နေရာ တိုမီနေး၊ ၈၃ မိနစ်မှာ အန်တိုနီအစား ဆန်ချိုနဲ့ ၈၈ မိနစ်မှာ ရပ်ရှ်ဖို့နေရာ မက်ဂွိုင်းယားကို လူလဲထည့်ပြီး ရထားတဲ့ နှစ်ဂိုးမဆုံးရှုံးရအောင် ခံစစ်အဆင့်ဆင့်နဲ့ ဒုတိယတစ်ပိုင်းစလုံးတောင်ခံခဲ့ရတာပါ။ ဒါကြောင့်မို့လို့ ဒုတိယပိုင်းဟာ ခံစစ်အားပြုတဲ့ မန်ယူဟာ တန်ပြန်တိုက်စစ်ချောင်းဆော့တာမို့လို့ ထင်သလောက်ကြည့်မကောင်းခဲ့သလို ၉၃ မိနစ်မှာ အပိုင်ရတဲ့အလုံးကလည်း ဖာနန်ဒက်တစ်ကိုယ်ကောင်းဆန်ခဲ့တာကြောင့် ဂိုးမရခဲ့တာပါ။

ဒုတိယပိုင်းတစ်ခုလုံး ခံစစ်ဆော့ပြီး တန်ပြန်တိုက်စစ်ချောင်းနေတဲ့ မန်ယူဟာ ဒီနေ့ပွဲမှာ နယူးကာဆယ်ကို ဘာကြောင့်နိုင်ခဲ့သလဲဆိုရင် နယူးကာဆယ်ရဲ့ ဂိုးသွင်းမသေချာမှုကြောင့်လည်းပါပြီး ၁၅ ကြိမ်ဂိုးကန်သွင်းရာမှာ နှစ်ကြိမ်ပဲ ဂိုးပေါက်တည့်တာက သူတို့ကို ကံဆိုးစေခဲ့တာပါ။ ဒါပေမဲ့လည်း ဘောလုံးတစ်ခု အထူးသဖြင့် ဗိုလ်လုပွဲတစ်ခုတိုင်းဟာ ပိုကောင်းတဲ့အသင်းက အနိုင်ရစမြဲဆိုတာတော့ ကျွန်တော်တို့မေ့ထားလို့မရဘူးမဟုတ်လား။ သေချာတာကတော့ ခြောက်နှစ်ကြာ ဂိုးပေါက်ပျောက်မှုကို မန်ယူဟာ အဆုံးသတ်နိုင်ခဲ့ပါပြီ။

ဒါပေမဲ့လည်း ပြည်တွင်းဖလားသေးသေးလေးနဲ့တော့ မန်ယူအသင်းသားတွေဟာ ကားတစ်စီးနဲ့ မြို့ပတ်ပြီး အောင်ပွဲခံခွင့်ရမှာမဟုတ်ဘဲ အဓိကကျတဲ့ဖလားတစ်လုံးထပ်ရမှသာ သူတို့မြို့ပတ်ပြီး အောင်ပွဲခံခွင့်ရမှာပါ။ ဒီနိုင်ပွဲဟာ မန်ယူအတွက် လာခြင်းကောင်းသော အနိုင်ဖြစ်မလား။ ဖာဂူဆန်ခေတ်အပြီး ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းတစ်ခုကို တန်ဟတ်က ဆက်ပြီးထူထောင်ဖို့ ဒီရာသီကစ ဖလားတွေ ဘယ်လောက်ထပ်ယူပြဦးမလဲဆိုတာကိုတော့ ကျွန်တော်တို့ မဝေးတော့တဲ့ အနာဂတ်မှာ အတိအကျသိလာရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *