အကူအညီလိုအပ်နေသည့် ကလေးငယ် ငါးသန်းကျော်ရှိနေ

၂၆. ၂. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံရှိ အသက် ၅ နှစ်အောက် ကလေးသူငယ် ၁၀ ဦးတွင် ၃ ဦးမှာ သင့်တော်သော အာဟာရမရရှိကြသည့်အတွက် ကြီးထွားနှုန်းတန့်ပြီး သေးကွေးနေကာ ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုကိုသာမက ကျန်းမာရေးနှင့် အနာဂတ်ကို ထိခိုက်စေနိုင်ဖွယ်ရှိနေကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကုလသမဂ္ဂလက်အောက်ခံအဖွဲ့စည်းဖြစ်သော UNICEF က”  မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းကာလ နှစ်နှစ်နီးပါး ကြာမြင့်ချိန်မှာ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ရရှိနိုင်ဖို့ အရေးတကြီးလိုအပ်လာပါတယ်။ အကျပ်အတည်းကာလ နှစ်နှစ်ကျော်လာချိန်မှာ မြန်မာကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ အခြေအနေဟာ ဆိုးရွားနေဆဲဖြစ်ပါတယ်။  သန်းပေါင်းများစွာသော လူတွေဟာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေနဲ့ အကာအကွယ်တွေကို အဆောတလျင် လိုအပ်နေပါတယ်။ အကူအညီများ လိုအပ်နေကြတဲ့ ကလေးငယ်ပေါင်း ၅ သန်းကျော်ရှိနေတယ် ” ဟုဆိုသည်။

မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပွားနေသော  ပဋိပက္ခအကျပ်အတည်းကြောင့် မြန်မာနိုင်ငံတဝှမ်းရှိ ကလေးငယ်အားလုံး၏ ထက်ဝက်ခန့်က ဆင်းရဲနွမ်းပါးစွာကြီးပြင်းနေရကြောင်း UNICEF က ပြောသည်။

ထို့အပြင် မြန်မာကလေးငယ် ၃ သန်းကျော်သည် သန့်ရှင်းသောရေ မရရှိနိုင်သည့်​အတွက် ကျန်းမာရေးအန္တရာယ်များစွာနှင့် ကြုံတွေ့နေကြရသလို ကလေးငယ် ၃ သိန်းခန့်မှာလည်း  ကာကွယ်ဆေးထိုးနှံခွင့်မရခြင်းကြောင့် ကြိုတင်ကာကွယ်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ချေ များပြားလျက်ရှိနေကြောင်း UNICEF ကဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဖြစ်လာသော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူဦးရေသည်  ၁ ဒသမ ၅သန်းကျော်ရှိလာပြီဖြစ်ကြောင်းကုလသမဂ္ဂက ပြောသည်။

ref — UNICEF

Leave a Reply

Your email address will not be published. Required fields are marked *