၂၆. ၂. ၂၀၂၃
Written by Ye Kyaw

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ၂၃၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းဗီဇာဖြင့် ဝင်ရောက်ခဲ့သူအများဆုံးဖြစ်ကာ ခရီးသွားဗီဇာဖြင့် ဝင်ရောက်မှု ၁၁,၀၀၀ ခန့်သာရှိကြောင်း ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (၁၇)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးမှ သိရသည်။

“အခု ၂၀၂၂ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေ ပြေးဆွဲလာပြီဖြစ်တဲ့အတွက် ၂၃၀,၀၀၀ ကျော်အထိ ဝင်ရောက်ခဲ့တာကို တွေ့ရပြီး ၂၀၂၂ ခုနှစ်မှာ ဝင်ရောက်လာတဲ့ ဗီဇာအလိုက် ဝင်ရောက်မှုကို ကြည့်မယ်ဆိုလို့ရှိရင် အများအားဖြင့် စီးပွားရေးလုပ်ငန်းဗီဇာနဲ့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ခရီးသွားဗီဇာနဲ့ ၁၁,၀၀၀ လောက်ပဲ ဝင်ရောက်ခဲ့တာတွေ့ရပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူဦးစီးဌာနမှ ရန်ကုန်တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးနန္ဒအောင်က ပြောသည်။

လေကြောင်းလိုင်းဖြင့် ခရီးသွားဝင်ရောက်မှု ၁၁,၀၀၀ခန့်သာရှိသော်လည်း နယ်စပ်မှ တစ်သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၁၅ ခုမှ ခရီးစဥ် ၁၇ ခုကို တစ်ရက်လျှင် ပျှမ်းမျှလေယာဥ်အစီးပေါင်း ၂၅ စီးခန့်ဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း ဦးနန္ဒအောင်က ပြောသည်။

၂၀၁၉ ခုနှစ် ကိုဗစ်ကပ်ရောဂါမတိုင်မီအချိန်၌ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဝင်ရောက်မှု လေးသန်းကျော်အထိရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကိုးသိန်းကျော်နှင့် ၂၀၂၁ ခုနှစ်တွင် တစ်သိန်းကျော်သာလျှင် ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *