၂၆. ၂. ၂၀၂၃
Written by Tha Doe

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ နိုဝင်ဘာလအထိ ရှစ်လစာ တရားဝင်စာရင်းများအရ မြန်မာဘက်တွင် ဒေါ်လာ ၆ ဘီလျံကျော်သာ ကုန်သွယ်မှုစာရင်းရှိသော် လည်း တရုတ်နိုင်ငံ၏ တရားဝင်ကုန်သွယ်မှုစာရင်းတွင် ဒေါ်လာ ၁၇ ဘီလျံခန့်ရှိပြီး ဒေါ်လာ ၁၁ ဘီလျံနီးပါး ကွာဟနေသည်ဟု အမေရိကန်နိုင်ငံ၏ ထောက်ပံမှုဖြင့် တရုတ်-မြန်မာဆက်ဆံရေးအပေါ် ဝေဖန်စောင့်ကြည့်မှုပြုလုပ်သော ISP Myanmar ၏ သုတေသနတွင် ဖော်ပြထားသည်။

အာဏာထိန်းသိမ်းမှုအလွန်ကာလတွင် မြန်မာ-တရုတ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံဘက်သို့ သယံဇာတ တရား မဝင်တင်ပို့မှု ပိုများနေသည်ဟု စောင့်ကြည်သူများ၏ အစီရင်ခံစာများတွင် ဖော်ပြထားပြီး မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ ( ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ)တွင်လည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုကိန်းဂဏန်းဖော်ပြချက် ခြားနားချက်များမှာ တရားမဝင် ကုန်သွယ်မှုကြောင့်ဖြစ်သည်ဟု ဆိုခဲ့သည်။ ထိုတရားမဝင်ကုန်သွယ်မှုတွင် သဘာဝ သယံဇာတ အရင်းအမြစ်များဖြစ်သည့် မြေရှား၊ ရွှေနှင့် အခြားသတ္တုတွင်းထွက်များလည်း ပါနိုင်ကြောင်း ဖော်ပြထားသည်။

တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင် အဖွဲ့ (GLCC) ၏ ထုတ်ပြန်ချက်များကို အခြေခံပြီး ISP-Myanmar က စုဆောင်းထားသည့် အချက်အလက်များအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရှစ်လအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရှိခဲ့သည်။ ထိုသို့တင်ပို့ရာတွင် လစဉ် အမေရိကန်ဒေါ်လာ ၂၅ သန်းမှ သန်း ၁၀၀ အထိ တင်ပို့မှုရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန် တစ်လတည်းသာ တင်ပို့မှုလျော့ကျခဲ့ပြီး SAC ၏ စာရင်းများတွင်မူ မြေရှားသတ္တုတင်ပို့မှုနှင့်ပတ်သက်သည့် အချက်အလက်များ တရားဝင်ထုတ်ပြန်ထားမှုမရှိသဖြင့် မြေရှားသတ္တုများမှာ နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်နေသည်ဟု ISP က ဆိုသည်။

မြန်မာ-တရုတ် ကုန်သွယ်ရေးတွင် တရားမ၀င်ကုန်သွယ်မှု ကြီးထွားနေသော်လည်း တရားဝင်နယ်စပ်ကုန်သွယ်ရေး သိသိသာသာ မြင့်တက်လာခြင်း မရှိဘဲ ၂၀၂၂ ခုနှစ်( ဧပြီမှ နိုဝင်ဘာအထိ) ရှစ်လတာကာလအတွင်း ကာလတူနှိုင်းယှဉ်ချက်အရ မူဆယ်စခန်းနှင့် ကျိုင်းတုံစခန်းများတွင် ကျဆင်းနေသည်။ အထူးသဖြင့် မူဆယ်စခန်းမှာ အမေရိကန်ဒေါ်လာ သန်း ၃၂၀ ကျော်အထိ ကျဆင်းခဲ့သော်လည်း ချင်းရွှေဟော်စခန်းတွင် ဒေါ်လာ ၂၁ သန်းကျော်၊ လွယ်ဂျယ်စခန်းတွင် ဒေါ်လာ ၁၂ သန်းကျော်နှင့် ကန်ပိုက်တီစခန်းတွင် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ပြန်လည်မြင့်တက်ခဲ့သည်။ သို့သော် နယ်စပ်စခန်းငါးခု၏ ကာလတူကုန်သွယ်မှုတွင်မူ ဒေါ်လာ ၂၇၇ သန်းကျော် လျော့ကျခဲ့သည်ဟု ဆိုသည်။

မြန်မာ-တရုတ်ကုန်သွယ်ရေးတွင် နယ်စပ်ကုန်သွယ်မှုထက် ပင်လယ်ရေကြောင်း ကုန်သွယ်မှုက ဦးဆောင်နေသည်။ ၂၀၂၂-၂ဝ၂၃ ဘဏ္ဍာနှစ် ( ဧပြီမှ နိုဝင်ကာလအထိ) ရှစ်လအတွင်း ကိန်းဂဏန်းများအရ စုစုပေါင်းကုန်သွယ်မှု၏ ၇၁ ရာခိုင်နှုန်းက ပင်လယ်ရေကြောင်းကုန်သွယ်မှုဖြစ်ပြီး ရှစ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုက ဒေါ်လာ ၄ ဒသမ ၄ ဘီလျံကျော်ရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုက ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်သာ ရှိခဲ့သည်။ အာဏာပဋိပက္ခမဖြစ်မီ ၂၀၂၀ ပြည့်နှစ် တစ်နှစ်တာကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၆ ဘီလီယံကျော်ရှိခဲ့ကာ နယ်စပ် ကုန်သွယ်မှုတန်ဖိုးမှာ ဒေါ်လာ ၅ ဒသမ ၇ ဘီလျံကျော် ရှိ၍ ကွာခြားချက်မှာ ဒေါ်လာ သန်း ၃၀၀နီးပါးသာ ရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ မြန်မာ-တရုတ် ကုန်သွယ်ရေးတွင် နယ်စပ်ကုန်သွယ်မှုတန်ဖိုးနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုတန်ဖိုးအကြား ကွာခြားချက် ကြီးမားနေသည်ဟု ယူဆနိုင်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ကုန်သွယ်မှုတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အများဆုံး နေရာယူထားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်( ဧပြီမှ နိုဝင်ဘာလအထိ) ရှစ်လအတွင်း ကိန်းဂဏန်းများအရ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ရှိခဲ့ပြီး ၅၆ ရာခိုင်နှုန်းခန့်မှာ တရုတ်နှင့် ကုန်သွယ်ကာ ၃၅ ရာခိုင်နှုန်းကျော်မှာ ထိုင်းနှင့်ဖြစ်သည်ဟုလည်း ISP Myanmar က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *