သတိုး
၂၁. ၄. ၂၀၂၆
ပြီးခဲ့သည့်အပတ်က ထိုင်းနိုင်ငံ သဘာ၀ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန (PCD) သည် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသရှိ မြစ်သုံးစင်း၏ (၁၀) ကြိမ်မြောက် ရေအရည်အသွေး စစ်ဆေးတိုင်းတာချက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာသည် ထိုင်းနိုင်ငံ၏ မြောက်ဘက်အကျဆုံးဒေသနှင့် မြန်မာနိုင်ငံ နယ်စပ်နှင့် ထိစပ်သည့် ကော့ခ်မြစ် (Kok)၊ ဆိုင်မြစ် (Sai)၊ ရုအက်မြစ် (Ruak) နှင့် မဲခေါင်မြစ်များမှ ရယူထားသော နမူနာများအပေါ် အခြေခံထားခြင်း ဖြစ်သည်။
စစ်ဆေးတွေ့ရှိချက်များသည် ကျွန်ုပ်တို့အားလုံးအတွက် စိုးရိမ်ဖွယ်ရာအခြေအနေတစ်ရပ် ဖြစ်နေသည်။ မြစ်ကြမ်းပြင် အနည်အနှစ်များတွင် တွေ့ရှိရသော အာဆင်းနစ် (Arsenic- စိန်အဆိပ်) နှင့် အခြားသော လေးလံသည့် သတ္တုဓာတ် (Heavy metals) များသည် မြစ်အောက်ခြေတွင် နေထိုင်သည့် အပင်နှင့် တိရစ္ဆာန်များအတွက် ဘေးမကင်းသည့် အဆင့်သို့ ရောက်ရှိနေသည်။ အချို့သော နမူနာများမှာ အန္တရာယ်ရှိသည့် အတိုင်းအတာသို့ပင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြသနေသည်။
မဲခေါင်မြစ်မှ ရရှိသော အနည်အနှစ် နမူနာများတွင် အာဆင်းနစ် ပါဝင်မှုနှုန်းသည် တစ်ကီလိုဂရမ်လျှင် ၂၉၆ မီလီဂရမ်အထိ မြင့်မားနေပြီး၊ ၎င်းသည် အလွန်အမင်း အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသည့် ပမာဏထက် ၉ ဆခန့် ပိုမိုများပြားနေခြင်း ဖြစ်သည်။
ချင်းရိုင်ခရိုင်ရှိ သာတွန်ကျေးရွာ (Tha Ton) နှင့် ကော့ခ်မြစ်အောက်ပိုင်းဒေသများတွင်လည်း ညစ်ညမ်းမှုအဆင့်မှာ အလားတူပင် အန္တရာယ်ရှိနေသည်။ မဲခေါင်မြစ်တလျှောက် စောင့်ကြည့်နေသော နေရာအားလုံးတွင်လည်း ဘေးကင်းလုံခြုံမှု သတ်မှတ်ချက်များကို အစဉ်တစိုက် ကျော်လွန်နေသည်။
အာဏာပိုင်များက ဤကဲ့သို့ စိုးရိမ်ဖွယ်ရာ စစ်ဆေးမှုရလဒ်များ ထွက်ပေါ်လာရခြင်းမှာ နွေရာသီ (ရေနည်းကာလ) ကြောင့်ဖြစ်သည်ဟု အပြစ်ပုံချကြသည်။ ရေမျက်နှာပြင်နှင့် ရေစီးနှုန်း နည်းပါးချိန်တွင် ရေထဲ၌ လွင့်မျောနေသော အမှုန်အမွှားများသည် မြစ်ကြမ်းပြင်တွင် အနည်ထိုင် စုပုံလာတတ်ခြင်းကြောင့် ဖြစ်သည်။
၎င်းမှာ အမှန်တရား ဖြစ်နိုင်သော်လည်း ရေနည်းကာလက အာဆင်းနစ်ဓာတ်ကို ဖန်တီးလိုက်ခြင်း မဟုတ်ပါ။ ရှိနှင့်ပြီးသား အရာကိုသာ ပေါ်လွင်စေခြင်း ဖြစ်သည်။
◾️ မြစ်အထက်ပိုင်းမှ စီးဆင်းလာသော ညစ်ညမ်းမှုများ
ကျွန်ုပ်တို့ မြင်တွေ့နေရသော ဤမြစ်ကြမ်းပြင် အနည်အနှစ်များသည် မြစ်အထက်ပိုင်းမှ စီးဆင်းလာသော ညစ်ညမ်းမှုများ စုပုံလာခြင်းသာ ဖြစ်သည်။ ဤအဆိပ်သင့်ပစ္စည်းများသည် သဘာဝအလျောက် ဖြစ်ပေါ်လာခြင်း သို့မဟုတ် မတော်တဆ ဖြစ်ပွားခြင်း မဟုတ်ပါ။ ၎င်းတို့သည် မြစ်အထက်ပိုင်းရှိ သတ္တုတွင်းများတွင် မြေရှားသတ္တု (Rare earth) တူးဖော်ရေးလုပ်ငန်းများ တိုးချဲ့လာခြင်းနှင့် ဆက်စပ်နေသည်။ အဆိုပါ သတ္တုတွင်း အများအပြားမှာ စနစ်တကျ ထိန်းချုပ်ထားခြင်း မရှိဘဲ ထိရောက်စွာ ကွပ်ကဲနိုင်သည့် အဆင့်ထက် ကျော်လွန်နေသည်။
ဤမြစ်များရှိ ရေအရည်အသွေးမှာ ဘေးမကင်းကြောင်း တရားဝင် အစီရင်ခံစာများက ပြသနေသော်လည်း ထိုမြစ်များမှ ဖမ်းယူရရှိသော ငါးများသည် စားသုံးရန် ဘေးကင်းသေးကြောင်း အစိုးရက ပြောဆိုနေဆဲ ဖြစ်သည်။ သို့သော် ထိုကဲ့သို့ စိတ်ချစေရန် ပြောဆိုမှုမှာ ခေတ္တခဏသာ ဖြစ်ပါလိမ့်မည်။ မြစ်အထက်ပိုင်းမှ ညစ်ညမ်းမှုများသည် အောက်ပိုင်းသို့ ဆက်လက်စီးဆင်းပြီး စုပုံလာမည် ဖြစ်ကာ ဂေဟစနစ်အတွင်းသို့ ညစ်ညမ်းမှုများ ရောက်ရှိလာပြီး ငါးများအတွင်းသို့ ဝင်ရောက်မည် ဖြစ်သည်။ ထိုမှတစ်ဆင့် အစာကွင်းဆက်အရ လူသားများထံသို့ နောက်ဆုံးတွင် ရောက်ရှိလာမည် ဖြစ်သည်။
◾️ ရွှေတြိဂံဒေသနှင့် နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှု
နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုများကို အနီးကပ် စောင့်ကြည့်နေသော ချင်းမိုင်တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဒေါက်တာ ဝမ် ဝီရိယ (Dr Wan Wiriya) က ညစ်ညမ်းမှုအများဆုံးနေရာမှာ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ချင်းဆဲင် (Chiang Saen) မြို့အနီး မဲခေါင်မြစ်နှင့် ရုအက်မြစ်တို့ ဆုံရာ ရွှေတြိဂံဒေသဖြစ်ကြောင်း ထောက်ပြထားသည်။ ၎င်းမှာ တိုက်ဆိုင်မှု မဟုတ်ပါ။ ရွှေတြိဂံဒေသသည် ထိုင်း၊ မြန်မာ နှင့် လာအို နိုင်ငံသုံးနိုင်ငံ၏ နယ်စပ်များ ဆုံစည်းရာ ဒေသဖြစ်သော်လည်း မည်သည့်အာဏာပိုင် တစ်ဦးတည်းကမျှ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသော နေရာဖြစ်သည်။ ညစ်ညမ်းမှုများသည် နယ်စပ်များကို ဖြတ်ကျော်စီးဆင်းနေသော်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုမှာမူ နယ်စပ်တွင်တင် ရပ်တန့်သွားသည်။
တစ်ချိန်တည်းမှာပင် Stimson Center မှ ဂြိုဟ်တုအချက်အလက်များအရ ဒေသတွင်း၌ သတ္တုတူးဖော်ရေး လုပ်ငန်းများမှာ လျင်မြန်စွာ တိုးတက်လာကြောင်း ပြသနေသည်။ လက်ရှိတွင် သတ္တုထုတ်ယူခြင်းနှင့် ဆက်စပ်နေသော နေရာပေါင်း ၂,၅၀၀ ကျော်ရှိပြီး မဲခေါင်မြစ်ဝှမ်း တစ်ခုတည်းမှာပင် သတ္တုထုတ်ယူသည့်နေရာ ၈၀၀ ကျော် ရှိနေသည်။
မြန်မာနိုင်ငံတွင် အဆိုပါ သတ္တုတွင်းအများအပြား လည်ပတ်နေသည်။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လွှမ်းမိုးထားသော ပဋိပက္ခဒေသများတွင် ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများမှာ အားနည်းနေခြင်း သို့မဟုတ် လုံးဝမရှိခြင်းတို့ ဖြစ်ပွားနေသည်။ သတ္တုတူးဖော်ရေးလုပ်ငန်းများကို အနည်းငယ်မျှသော ကြီးကြပ်မှုဖြင့်သာ လုပ်ဆောင်နိုင်ပြီး ဝင်ငွေများသည် နယ်စပ်ဖြတ်ကျော်ကွန်ရက်များအတွင်းသို့ စီးဝင်သွားသည်။ အထက်ပိုင်းမှ တူးဖော်ရရှိသော သတ္တုရိုင်းများသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်များ အတွင်းသို့ ဝင်ရောက်သွားသော်လည်း ပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးမှုတန်ဖိုးကိုမူ မြစ်ကို အတူတကွ သုံးစွဲနေရသော အောက်ပိုင်းဒေသများက ခံစားနေရသည်။
၎င်းမှာ မဲခေါင်မြစ်တစ်ခုတည်း မဟုတ်ပါ။ တရုတ်၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့၏ အစိတ်အပိုင်းများကို လွှမ်းခြုံထားသော သံလွင်မြစ်ဝှမ်းသည်လည်း အလားတူ ဖိအားများနှင့် ရင်ဆိုင်နေရသည်။ နှစ်ပေါင်းများစွာတိုင် သံလွင်မြစ်တစ်လျှောက်ရှိ လူမှုအဖွဲ့အစည်းများသည် ဒေသတွင်း၌ နောက်ဆုံးကျန်ရှိသော လွတ်လပ်စွာ စီးဆင်းနေသည့် မြစ်တစ်စင်းကို ကာကွယ်လာခဲ့ကြသည်။ သို့သော် ယခုအခါ အရေးပါသော သတ္တုများ တူးဖော်ခြင်း အပါအဝင် အလားတူ သတ္တုထုတ်ယူရေး လုပ်ငန်းပုံစံများသည် ထိုဒေသများသို့ပါ တိုးချဲ့လာနေပြီ ဖြစ်သည်။
◾️ မမြင်ရသော ဘေးအန္တရာယ်
ကျွန်ုပ်တို့သည် မြစ်များကို သက်ရှိဂေဟစနစ်များအဖြစ် မဟုတ်ဘဲ အရင်းအမြစ် ရှာဖွေရာ လမ်းကြောင်းများအဖြစ် သဘောထားသော ခေတ်ကာလအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လေးလံသည့် သတ္တုဓာတ် ညစ်ညမ်းမှုများသည် မမြင်ရသောကြောင့် အထူးပင် အန္တရာယ်ရှိသည်။ ၎င်းတို့သည် ရေနံယိုဖိတ်မှုကဲ့သို့ ချက်ချင်းလက်ငင်း ဘေးဒုက္ခ မဖြစ်စေပေ။ ယင်းအစား ဖြည်းဖြည်းချင်း စုပုံလာပြီး ဂေဟစနစ်တစ်ခုလုံး ဖိအားဒဏ် ခံနေရပြီဆိုမှသာ မြင်သာလာတတ်သည်။ မြစ်ကြမ်းပြင် အနည်အနှစ်များတွင် ညစ်ညမ်းမှုအဆင့် မြင့်မားနေသည်ကို စစ်ဆေးတွေ့ရှိရချိန်တွင် ပြဿနာမှာ အချိန်အတော်ကြာ ရှိနေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် စောင့်ကြည့်ခြင်းနှင့် နည်းပညာဆိုင်ရာ အစီရင်ခံစာများ ထုတ်ပြန်ရုံဖြင့် မလုံလောက်ပေ။ အချက်အလက်များသည် အရေးကြီးသည်မှာ မှန်သော်လည်း အချက်အလက်တစ်ခုတည်းက နယ်စပ်ကျော်လွန်ရာမှ မြစ်ဖျားခံလာသော ညစ်ညမ်းမှုများကို မရပ်တန့်နိုင်ပါ။
ထိုင်းနိုင်ငံအနေဖြင့် ဒေသတွင်း ဆွေးနွေးပွဲများဖြစ်သော မဲခေါင်မြစ်ကော်မရှင် (MRC)၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) နှင့် အာဆီယံ (ASEAN) အစရှိသည့် ယန္တရားများမှတဆင့် ပိုမိုအားကောင်းသော အခန်းကဏ္ဍမှ ပါဝင်သင့်သည်။ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုကို အတူတကွ တာဝန်ယူရမည့် ကိစ္စရပ်အဖြစ် ကျွန်ုပ်တို့ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။
◾️ တာဝန်ယူမှုရှိသော ထောက်ပံ့မှုကွင်းဆက်
ဤအခြေအနေများ၏ နောက်ကွယ်တွင်ရှိသော ကမ္ဘာလုံးဆိုင်ရာ တွန်းအားပေးမှုများကိုလည်း ကျွန်ုပ်တို့ ဆန်းစစ်ရန် လိုအပ်သည်။ မြေရှားသတ္တုများ အပါအဝင် အရေးပါသော သတ္တုဓာတ်များ၏ လိုအပ်ချက်မှာ လျင်မြန်စွာ မြင့်တက်နေသည်။ ၎င်းတို့သည် စွမ်းအင်ကူးပြောင်းရေးနှင့် နည်းပညာအသစ်များအတွက် အမှန်တကယ် အသုံးပြုနေခြင်းလော၊ သို့မဟုတ် စစ်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများအတွက် အဓိက အသုံးပြုနေခြင်းလော ဆိုသည်နှင့် အရေးကြီးဆုံးမှာ ဤသတ္တုများကို တာဝန်ယူမှုရှိရှိ တူးဖော်နေကြခြင်း ဟုတ်မဟုတ် ဆိုသည်ပင် ဖြစ်သည်။
တာဝန်ယူမှုရှိသော ထောက်ပံ့မှုကွင်းဆက် (Responsible Supply Chain) သည် ရွေးချယ်စရာ မဟုတ်ပါ။ ၎င်းတွင် ဇစ်မြစ်ကို လိုက်နိုင်ခြင်း (Traceability)၊ ပွင့်လင်းမြင်သာမှု (Transparency) နှင့် တာဝန်ခံမှု (Accountability) တို့ ပါဝင်ရမည်ဖြစ်သည်။ သတ္တုများ မည်သည့်နေရာမှ လာသည် သို့မဟုတ် မည်သည့် အခြေအနေအောက်တွင် ထုတ်လုပ်သည်ကို မသိရှိပါက ထိုအပြောင်းအလဲကို “သန့်ရှင်းသော” သို့မဟုတ် “တရားမျှတသော” အပြောင်းအလဲဟု မခေါ်ဆိုနိုင်ပါ။
သတိပေးချက်များသည် မဲခေါင်မြစ်ကြမ်းပြင်တွင် ကပ်ငြိနေပြီ ဖြစ်သည်။ ၎င်းမှာ စစ်ဆေးတွေ့ရှိဖို့ မဟုတ်ဘဲ တာဝန်ယူဖို့ မေးခွန်းထုတ်ရမည့် ကိစ္စဖြစ်သည်။ တာဝန်ခံမှုမရှိဘဲ သတ္တုထုတ်ယူမှုများ ဆက်လက်လုပ်ဆောင်နေပါက ဆုံးရှုံးမှုတန်ဖိုးများသည် အထက်ပိုင်းမှာတင် ရပ်တန့်မနေပါ။ ၎င်းတို့သည် မြစ်ရေနှင့်အတူ စီးဆင်းသွားမည် ဖြစ်ပြီး အနာဂတ် မျိုးဆက်သစ်များ အပါအဝင် မြစ်ကို မှီခိုနေရသော သန်းပေါင်းများစွာသော ပြည်သူများက ခံစားကြရမည် ဖြစ်သည်။
(Bangkok Post သတင်းဌာနတွင် Rivers and Rights ၏ အမှုဆောင်ညွှန်ကြားရေးမှူး Pianporn Deetes ရေးသားသည့် “Mining is killing region’s rivers” ကို ဆီလျော်သလို ကောက်နုတ် ပြန်ဆိုအပ်ပါသည်။)
