
၂၁.၄.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် အစိုးရရဲ့ အလုပ်သမားဝန်ကြီး လိုရီ ချာဗက်ဇ်-ဒီရီမာဟာ အငြင်းပွားဖွယ်ရာကိစ္စများစွာမှာ ပါဝင်ပတ်သက်နေပြီး အကျင့်ပျက်ခြစားမှုနဲ့ စုံစမ်းစစ်ဆေးခံရမှုကြောင့် အစိုးရအဖွဲ့ ဝန်ကြီးရာထူးမှနုတ်ထွက်ကာ ပုဂ္ဂလိကကဏ္ဍကို ထွက်ခွာသွားတယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ဧပြီလ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
အလုပ်သမားဝန်ကြီး လိုရီချာဗက်ဇ်-ဒီရီမာဟာ လက်အောက်ငယ်သားတစ်ဦးနဲ့ ဖောက်ပြန်တာအပြင် အလုပ်ခွင်မှာလည်း အရက်သောက်တာ စတဲ့ မလျော်ကန်သောအပြုအမူစွပ်စွဲချက်တွေနဲ့ ဆက်တိုက် စုံစမ်းစစ်ဆေးခံရပြီးနောက်မှာတော့ ရာထူးမှနုတ်ထွက်တော့မယ်လို့ အစိုးရအဖွဲ့က ဧပြီလ ၂၀ ရက်ကကြေညာခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ချောင်က “အလုပ်သမားဝန်ကြီး လိုရီချာဗက်ဇ်-ဒီရီမာသည် ပုဂ္ဂလိကကဏ္ဍတွင် ရာထူးတစ်ခုရယူရန် အစိုးရအဖွဲ့မှ ထွက်ခွာသွားလိမ့်မည်။ သူမသည် အမေရိကန် လုပ်သားများကို ကာကွယ်ခြင်း၊ တရားမျှတသော အလုပ်သမားလုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းခြင်းနှင့် အမေရိကန်လူမျိုးများ၏ဘဝများ တိုးတက်ကောင်းမွန်စေရန် အပိုဆောင်းကျွမ်းကျင်မှုများ ရရှိစေရန် ကူညီပေးခြင်းဖြင့် သူမ၏အခန်းကဏ္ဍတွင် အလွန်ကောင်းမွန်သောအလုပ်တစ်ခုကို လုပ်ဆောင်ခဲ့ သည်”လို့ လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။
သမ္မတထရမ့်ပ် ရဲ့ ဒုတိယသက်တမ်းအစိုးရအတွင်းမှာ အမိနိုင်ငံလုံခြုံရေးဝန်ကြီး ခရစ္စတီနိုအမ်နဲ့ ရှေ့နေချုပ် ပမ်ဘွန်ဒီ တို့ပြီးနောက်မှာတော့ ချာဗက်ဇ်-ဒီရီမာ က ရာထူးမှ နုတ်ထွက်တဲ့ တတိယမြောက် အစိုးရအဖွဲ့ဝင် – အမျိုးသမီးလည်း – ဖြစ်လာပါတယ်။
သူမက X လူမှုမီဒီယာပလက်ဖောင်းမှာ “ဤသမိုင်းဝင်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ရခြင်းနှင့် ကျွန်မ၏ဘဝတစ်လျှောက်လုံးတွင် အကြီးကျယ်ဆုံးသမ္မတအတွက် အလုပ်လုပ်ရခြင်းသည် ဂုဏ်ယူစရာ နှင့် အခွင့်အရေးတစ်ခုဖြစ်သည်။” လို့ ရေးသားခဲ့ပါတယ်။
ဒါပေမယ့် ချာဗက်ဇ်-ဒီရီမာ နုတ်ထွက်ခြင်းက နိုင်ငံရေးနဲ့ ကိုယ်ရေးကိုယ်တာအငြင်းပွားဖွယ်ကိစ္စတွေမှာ ပါဝင်ပတ်သက်နေတာက စတင် ဖြစ်ပေါ်လာတာပါ။ သူမနဲ့ နီးစပ်တဲ့ လက်ထောက်တွေဟာ လက်ရှိတွင် ဌာန စစ်ဆေးရေးမှူးချုပ်ရဲ့ ကျင့်ဝတ်နဲ့ မညီတဲ့ အပြုအမူဆိုင်ရာတွေပြုလုပ်မှု စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးခံနေရပါတယ်။
ဒီအမှုတွေမှာ ချာဗက်ဇ်-ဒီရီမာဟာ သူမရဲ့ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးနဲ့ ဖောက်ပြန်မှု၊ သူမရဲ့ရုံးခန်းမှာ အရက် သိုဝှက်ထားမှုနဲ့ အစိုးရရဲ့ အသုံးအဆောင်အရင်းအမြစ်တွေကို ကိုယ်ရေးကိုယ်တာ ခရီးသွားလာမှုအတွက် အသုံးပြုမှုတို့ ပါဝင်ပြီး သူမရဲ့ လက်ထောက်တွေက နိုင်ငံရေးနဲ့ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေဆီ ထောက်ပံ့ငွေတွေပေးပို့ဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။
Ref- The New York Times
