သက်တံ့
၂၁. ၄. ၂၀၂၆
ထိုင်းနိုင်ငံအနောက်ဘက်၊ တာ့ခ်ပြည်နယ်နှင့် ကန်ချနာဘူရီပြည်နယ်အကြား တည်ရှိသော သန်ယိုင်နရဲစွမ် (Thung Yai Naresuan) တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၏ အရှေ့ဘက်ခြမ်းတွင် ကျားမငယ်တစ်ကောင်ကို သေဆုံးလျက် တွေ့ရှိခဲ့ရသည်။ အဆိုပါ ဘေးမဲ့တောသည် မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အရှေ့ဘက်ခြမ်း တောအုပ်များနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နယ်စပ်ဒေသတွင် တည်ရှိခြင်းဖြစ်သည်။
ကျားမငယ်သည် ၎င်း၏ နယ်မြေအတွင်း ကျူးကျော်လာသည့် ပိုမိုသန်မာသော အခြားကျားတစ်ကောင်နှင့် နယ်မြေလု တိုက်ခိုက်ရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ယူဆထားကြသည်။
အမှတ် (၁၄) ကာကွယ်ရေးနယ်မြေ ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး ဖာနတ်ချာကွန်း ဘိုဒီဘန်ဒစ် (Phanaschakorn Bhodhibundit) ၏ ပြောကြားချက်အရ အဆိုပါကျားသေကို ဧပြီလ ၁၉ ရက်နေ့က တာ့ခ်ပြည်နယ်ဘက်ခြမ်း ဟွေလဂါဘန်လက် (Huai Laga Beng Lek) တောအတွင်း၌ ကင်မရာထောင်ချောက်များ (Camera traps) လိုက်လံသိမ်းဆည်းနေသည့် ဟွေနမ်ခေါင်ကင်းလှည့်အဖွဲ့နှင့် ခေါင်နန်းရမ် တောရိုင်းတိရစ္ဆာန် သုတေသနစခန်းမှ အဖွဲ့ဝင်များက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကျားမငယ်၏ ခန္ဓာကိုယ်အနှံ့တွင် ကိုက်ခဲခံထားရသည့် ဒဏ်ရာများစွာ တွေ့ရှိရပြီး ၎င်းမှာ အခြားအသားစား သတ္တဝါကြီးတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် လက္ခဏာများနှင့် ကိုက်ညီနေသည်။
တာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါကျားမှာ အရွယ်မရောက်တရောက် (Subadult) ကျားမငယ်တစ်ကောင်ဖြစ်ပြီး အပြည့်အဝ ကြီးထွားလာခြင်း မရှိသေးပေ။ ကျား၏ ရှေ့ခြေဖဝါး အတိုင်းအတာများမှာ အကျယ် ၈ ဒသမ ၅ စင်တီမီတာ၊ အလျား ၁၀ ဒသမ ၅ စင်တီမီတာခန့်ရှိပြီး ခြေဖဝါးအောက်ခံသား (Paw pad) အလျားမှာ ၇ စင်တီမီတာ ရှိသည်။

ကနဦး စစ်ဆေးချက်များအရ အထူးသဖြင့် လည်ပင်း၊ ရင်ဘတ်နှင့် ညာဘက်နောက်ခြေထောက်တို့တွင် ပြင်းထန်သော ဒဏ်ရာများကို တွေ့ရှိရသည်။ ဤဒဏ်ရာများသည် ပိုမိုသန်မာသည့် ကျားတစ်ကောင်နှင့် နယ်မြေလု တိုက်ခိုက်ရာမှ ရရှိလာခြင်းဖြစ်သည်ဟု ယူဆရသည်။ ယင်းကဲ့သို့ ပဋိပက္ခမျိုးမှာ တောရိုင်းကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ အရွယ်ရောက်လာပြီး မိမိတို့ကိုယ်ပိုင် နယ်မြေစတင် သတ်မှတ်ချိန်များတွင် ဖြစ်လေ့ဖြစ်ထရှိသည့် သဘာဝပင်ဖြစ်သည်။
ကျားသေအား ရောဂါပျံ့နှံ့မှုကို တားဆီးရန်နှင့် တိရစ္ဆာန်အစိတ်အပိုင်းများကို တရားမဝင် မှောင်ခိုရောင်းဝယ်ခြင်းမှ ကာကွယ်ရန်အတွက် အမျိုးသားဥယျာဉ်များဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တွေ့ရှိသည့်နေရာ၌ပင် မီးရှို့ဖျက်ဆီးခဲ့သည်။
ဘေးမဲ့တော၏ အရှေ့ဘက်ခြမ်း တာဝန်ခံ ပီယာဖုန်း ဆတ်ဆန် (Piyapong Suebsen) က ဤကဲ့သို့ ဆုံးရှုံးရမှုမှာ စိတ်မကောင်းစရာ ဖြစ်သော်လည်း သန်မာသူသာ အသက်ရှင်ကျန်ရစ်သည့် သဘာဝတရား၏ ရွေးချယ်မှု (Natural Selection) ကို ပြသနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ယခုကဲ့သို့ နယ်မြေလု တိုက်ခိုက်သည့် လက္ခဏာများ တွေ့ရှိရခြင်းမှာ အဆိုပါတောအတွင်း ကျားကောင်ရေ ကျန်းမာသန်စွမ်းပြီး သိပ်သည်းဆ များပြားလာခြင်းကို ညွှန်ပြနေခြင်းဖြစ်ကြောင်း၊ ယင်းတောမှာ ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော တိရစ္ဆာန်များအတွက် အဓိကကျသော နေရင်းဒေသအဖြစ် ဆက်လက် တည်ရှိနေကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
Ref : Khaodsod

