သက်တံ့
၂၁. ၄. ၂၀၂၆
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုသီတင်းပတ် ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၂ ရက်) မှ တနင်္ဂနွေနေ့ (ဧပြီ ၂၆ ရက်) အထိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်ကို နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် China Daily က ဖော်ပြခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်အတွင်း ဝမ်ယိနှင့် ကာကွယ်ရေးဝန်ကြီး တုန်းကျွင်းတို့သည် တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ၏ (၂+၂) မဟာဗျူဟာမြောက် ဆွေးနွေးပွဲယန္တရား ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျားခွန်းက ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယခုခရီးစဉ်ကို အခွင့်ကောင်းယူ၍ နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသော ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ဖော်ဆောင်ပေးရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့အတွက် ပိုမိုကြီးမားသော အကျိုးပြုမှုများ ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ်-ကမ္ဘောဒီးယား (၂+၂) မဟာဗျူဟာမြောက် ဆွေးနွေးပွဲယန္တရား ပထမအကြိမ် အစည်းအဝေးနှင့် ပတ်သက်၍ ဝမ်ယိနှင့် တုန်းကျွင်းတို့သည် ကမ္ဘောဒီးယားဘက်မှ သက်ဆိုင်ရာ ဝန်ကြီးများနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများအပြင် နိုင်ငံတကာနှင့် ဒေသတွင်း အခင်းအကျင်းများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ထို့အပြင် ဝမ်ယိသည် ကမ္ဘောဒီးယားနိုင်ငံမှ အခြားသော ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံရန် အစီအစဉ်ရှိသည်။
တရုတ်နိုင်ငံအနေဖြင့် အဆိုပါ မဟာဗျူဟာမြောက် ဆက်သွယ်ညှိနှိုင်းရေး ပလက်ဖောင်းကို ကောင်းမွန်စွာ အသုံးချကာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင့်မြင့် လုံခြုံရေးကိစ္စရပ်များကို ပိုမိုကောင်းမွန်စွာ ပေါင်းစပ်ညှိနှိုင်းသွားရန်၊ နှစ်နိုင်ငံလုံး၏ သာယာဝပြောမှု၊ ပြန်လည်နိုးထမှုနှင့် ရေရှည်တည်ငြိမ်မှုတို့အတွက် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တုန်းကျွင်း၏ ထိုင်းနှင့် မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း မြန်မာနိုင်ငံတွင် ဧပြီ ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဦးမင်းအောင်လှိုင်၏ အစိုးရသစ်နှင့် ဒေသတွင်း နိုင်ငံများအကြား သံတမန်ရေးရာ ဆက်သွယ်မှုများ မြင့်တက်လာနေသည်ကို တွေ့ရှိရသည်။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူအာကတ်ကောင်းသည်လည်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန် ဧပြီ ၂၂ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိနေပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အပါအဝင် အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။
Ref : China Daily
