သက်တံ့
၃၁. ၃. ၂၀၂၆
ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် မီးခိုးမြူငွေ့ညစ်ညမ်းမှု ပိုမိုဆိုးရွားလာသဖြင့် မြန်မာနှင့် လာအိုနိုင်ငံတို့ရှိ မီးလောင်ကျွမ်းမှုဖြစ်စဉ် (Hotspots) များ လျှော့ချနိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာနက အာဆီယံယန္တရားနှင့် တိုက်ရိုက်သံတမန်လမ်းကြောင်းများကို အသုံးပြုကာ ဖိအားပေး ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။
◾️ နယ်စပ်ဖြတ်ကျော် မီးရှို့မှုများ တားဆီးရန် အာဆီယံသို့ ထိုင်းခြေလှမ်းပြင်
ထိုင်းနိုင်ငံ မြောက်ပိုင်းပြည်နယ်များတွင် လေထုညစ်ညမ်းမှုမှာ အလွန်အန္တရာယ်ရှိသော PM 2.5 (Particulate Matters) အဆင့်အထိ ဆိုးရွားစွာ ခံစားနေရဆဲ ဖြစ်သည်။ အဆိုပါ ရှောင်ရှားရခက်သည့် အဆိပ်အတောက်ဖြစ်စေသော PM 2.5 ဖုန်အမှုန်အမွှားများ လျော့ပါးစေရန် လဟာပြင်မီးရှို့မှုများကို လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာကို ထိန်းချုပ်နိုင်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်နိုင်ရန် ထိုင်းနိုင်ငံ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာနက စီစဉ်နေသည်။
ပတ်ဝန်းကျင် ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဆူရင် ဝေါရာကစ်သမ်ရောင် (Surin Worakijthamrong) က ဤခြေလှမ်းသည် ဒုတိယဝန်ကြီးချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဆူချတ် ချွန်ကလင် (Suchart Chomklin) ၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အဲဒီအမိန့်အရ ဒေသတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်တွေကို လျှော့ချနိုင်ဖို့ အဓိက ကဏ္ဍ ၃ ခုကနေ အရှိန်မြှင့် ဆောင်ရွက်နေပါတယ်” ဟု ဆူရင်က ဆိုသည်။
◾️ အာဆီယံ၊ Hotline နှင့် သံတမန်လမ်းကြောင်း
မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချနိုင်ရေးကြိုးပမ်းမည့် ပထမလမ်းကြောင်းမှာ အာဆီယံလမ်းကြောင်းဖြစ်ကြောင်း ဆူရင်က ပြောသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်သည် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ လျှော့ချရေးအတွက် ဒေသတွင်း ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရန် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ထံသို့ (၃) ကြိမ်တိုင်တိုင် စာရေးသား ပေးပို့ထားပြီးဖြစ်သည်။
ဒုတိယလမ်းကြောင်းမှာ အဆင့်မြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အရာရှိများအကြား ချိတ်ဆက်ထားသည့် WhatsApp Hotline မှတစ်ဆင့် မြန်မာနှင့် လာအိုနိုင်ငံတို့ထံ တိုက်ရိုက် ဆက်သွယ်ညှိနှိုင်းခြင်း ဖြစ်ပြီး တတိယလမ်းကြောင်းမှာ ထိုင်းနိုင်ငံ အရှေ့အာရှရေးရာဦးစီးဌာနမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများရှိ သက်ဆိုင်ရာဌာနများ ပိုမိုမြန်ဆန်စွာ အရေးယူ ဆောင်ရွက်လာစေရန် သံတမန်နည်းလမ်းဖြင့် ဖိအားပေးခြင်း ဖြစ်သည်။
ဤသို့ ဆက်သွယ်ဆောင်ရွက်မှုကြောင့် အစောပိုင်း ရလဒ်အချို့ ထွက်ပေါ်လာကြောင်း ၎င်းက ဆိုသည်။ မတ်လ ၃၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ မီးလောင်ကျွမ်းမှုဖြစ်စဉ် (Hotspot) အရေအတွက်မှာ ၁၀,၈၃၄ ခုမှ ၅,၅၀၅ ခုအထိ ကျဆင်းသွားပြီး၊ လာအိုနိုင်ငံတွင် ၄,၁၅၇ ခုမှ ၂,၇၀၄ ခုအထိ ကျဆင်းသွားခဲ့သည်။ သို့သော်လည်း လာမည့် ၅ ရက်မှ ၇ ရက်အတွင်း ထိုင်းမြောက်ပိုင်းတွင် မိုးရွာသွန်းမှုနည်းပါးပြီး လေဝင်လေထွက် အားနည်းနိုင်သဖြင့် ပြည်တွင်းနှင့် နယ်စပ်တစ်ဖက်ခြမ်းရှိ မီးလောင်ကျွမ်းမှုများ များပြားနေဦးမည်ဆိုပါက ဖုန်အမှုန်အမွှားများမှာ အန္တရာယ်ဖြစ်နိုင်သည့်အဆင့်အထိ မြင့်မားနေဦးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။

◾️ တောမီးလောင်ကျွမ်းမှုသည် မီးခိုးမြူငွေ့အကျပ်အတည်း၏ အဓိကအရင်းအမြစ်ဖြစ်နေဆဲ
မီးခိုးမြူငွေ့ပြဿနာမှာ ရာသီအလိုက် ဖြစ်ပွားလေ့ရှိသော်လည်း အမြစ်တွယ်နေသည့် ပြဿနာဖြစ်သည်။ PM2.5 အထိ အလွန်အမင်းလေထုညစ်ညမ်းမှုသည် ပုံမှန်အားဖြင့် နိုဝင်ဘာလမှ မတ်လအတွင်း ပိုမိုဆိုးရွားလေ့ရှိပြီး အဓိကအရင်းအမြစ်မှာ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ တောမီးများကြောင့်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ ထို့ကြောင့် ဤကိစ္စကို အမျိုးသားရေးအဆင့် အစီအစဉ်တစ်ရပ်အဖြစ် သတ်မှတ်လာရပြီး နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုမှာလည်း ပိုမိုအရေးကြီးလာခြင်းဖြစ်သည်။
ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာကို ဖြေရှင်းရန် ၂၀၂၆-၂၀၂၇ ပူးတွဲလုပ်ငန်းစီမံချက်ကို ယခုနှစ်အစောပိုင်းတွင် အားဖြည့်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါစီမံချက်တွင် ဂြိုဟ်တုမှတစ်ဆင့် မီးလောင်ကျွမ်းမှုမြေပုံများ မျှဝေခြင်း၊ လေထုအရည်အသွေး အစီရင်ခံမှုများကို ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ရေတိုမီးငြှိမ်းသတ်ခြင်းထက် ရေရှည်အတွက် ရွှေ့ပြောင်းတောင်ယာ မီးရှို့စိုက်ပျိုးမှုကို လျှော့ချရေး ကြိုးပမ်းမှုများ ပါဝင်သည်။
◾️ ထိုင်း မြောက်ပိုင်းတွင် အန္တရာယ်ရှိသော လေထုညစ်ညမ်းမှုနှင့် ရင်ဆိုင်နေရဆဲ
ထိုသို့ ကြိုးပမ်းနေသော်လည်း လတ်တလော လေထုညစ်ညမ်းမှု အခြေအနေမှာ ပြင်းထန်နေဆဲဖြစ်သည်။ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဧပြီလ ၅ ရက်နေ့အထိ PM2.5 အဆင့်များ မြင့်တက်နေဦးမည်ဟု ခန့်မှန်းရပြီး ပြည်နယ်အတော်များများတွင် အန္တရာယ်ရှိသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ မတ်လ ၂၉ ရက်နေ့ တစ်ရက်တည်းမှာပင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးလောင်ကျွမ်းမှုဖြစ်စဉ် ၂,၃၃၆ ခု (မြောက်ပိုင်းတွင် ၁,၃၁၂ ခု အပါအဝင်) တွေ့ရှိခဲ့ပြီး၊ ပြည်နယ် ၉ ခုတွင် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။ လန်ဖွန် (Lamphun) ပြည်နယ်တွင် PM2.5 ပမာဏမှာ တစ်ကုဗမီတာလျှင် ၁၉၈ ဒသမ ၃ မိုက်ခရိုဂရမ်အထိ အမြင့်ဆုံး ရောက်ရှိခဲ့ပြီး ထိုအဆင့်သည် အလွန်အန္တရာယ်ကြီးမားသည့်အဆင့်ဖြစ်သည်။
ထို့ကြောင့် အစိုးရ၏ ယခုနောက်ဆုံး သံတမန်ရေးရာ တွန်းအားပေးမှုသည် အိမ်နီးချင်းနိုင်ငံများရှိ မီးလောင်ကျွမ်းမှုများကို လျှော့ချရန်သာမက၊ ဒေသတွင်း မီးလောင်မှုအရေအတွက် သိသိသာသာ မကျဆင်းပါက နှစ်စဉ်ကြုံတွေ့ရသည့် မီးခိုးမြူငွေ့အန္တရာယ် ပြင်းထန်နေဦးမည်ကို စိုးရိမ်နေရသည့် ထိုင်းမြောက်ပိုင်းပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို လျှော့ချပေးနိုင်ရန်အတွက်ပါ ရည်ရွယ် ကြိုးပမ်းနေခြင်းဖြစ်သည်။
Ref : The Nation Thailand
