

၁.၄.၂၀၂၆
Written By Min Thet
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အရေးအပါဆုံး အာရှလမ်းမကြီးကို မနက်ဖြန် ဧပြီလ ၂ ရက်တွင် ပြန်ဖွင့်ရန် စီစဉ်နေကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများက MT News ကို ပြောသည်။
ယင်းလမ်းကြောင်းနှင့်အတူ မြဝတီ-မဲဆောက် အမှတ် (၂) တံတားကိုပါ တစ်ပါတည်း ဖွင့်လှစ်မည် ဖြစ်ကြောင်း ထိုင်း-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူများက သဘောတူထားကြကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့၊ ရတ်ချမနူတပ်ရင်း၌ ရတ်ချမနူတပ်ရင်းမှူး ဦးဆောင်သည့်အဖွဲ့နှင့် မြဝတီမြို့၊ ခလရ (၂၇၅) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဟန်ဦး ဦးဆောင်သည့် အဖွဲ့တို့ မတ်လ ၂၅ ရက်က တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့စဉ်တွင် အဆိုပါ အာရှလမ်းနှင့် အမှတ်(၂)တံတားတို့ကို ပြန်လည် ဖွင့်လှစ်ရန် ကိစ္စများ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတာားမှ ကုန်စည်သယ်ယူပို့ဆောင် သွားလာခြင်းကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက် နံနက်မှစတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သောင်ရင်းမြစ်ဖြတ်၍တည်ဆောက်ထားသော မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေး တံတားပေါ်မှ မြန်မာ-ထိုင်း နယ်စပ်မြဝတီနှင့်မဲဆောက်သို့ ခရီးသွားယာဉ်များ ဖြတ်သန်းသွားလာသကဲ့သို့ အမှတ်(၂) ချစ်ကြည်ရေးတံတားပေါ်မှ ကုန်စည်ပို့ဆောင်သယ်ယူရေးအတွက် ဖြတ်သန်း အသုံးပြုနေခြင်းလည်းဖြစ်သည်။
ယင်းသို့ ကုန်စည်ပို့ဆောင်ရေးအတွက် အရေးပါသည့် တံတားပြန်လည်ဖွင့်လှစ်မည် ဆိုပါက ထိုင်းနိုင်ငံက တင်သွင်းသည့် ကုန်ပစ္စည်းများ ဈေးနှုန်း ပြန်လည် ကျဆင်းလာနိုင်မည်ဟုလည်း သုံးသပ် နေကြသည်။
အာရှလမ်းမကြီးပိတ်ထားခဲ့သည့်အတွက် ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ မော်ပယ်ခို-ရှမ်းရွာသစ်လမ်း စသည့် လမ်းကြောင်းများကတစ်ဆင့်ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်ပို့ဆောင်ရသောကြောင့် အချိန်ကုန်၊ စရိတ်ပိုကုန်သည့်အတွက် အာရှလမ်းမကြီးနှင့် အမှတ် (၂) တံတား ပြန်လည်ဖွင့်မည့်အပေါ် ကုန်စည်ကူးသန်းနေသူများ၊ ဒေသခံများက ကြိုဆိုနေကြကြောင်းလည်း သိရသည်။
“ဈေးကျနိုင်တယ်လေ။အရင်က ပိတ်ထားတာဆိုတော့ ဈေးတက်နေတာ အားလုံးအသိပါပဲ။ လမ်းဂိတ်ကြေးပေးရတာ များခဲ့တာကိုး။ မှောင်ခိုလို့ ပြောလို့ရတဲ့ တခြားလမ်းတွေက သယ်ယူကြရတာဆိုတော့လေ။ဈေးတက်တာပဲ။ အခုလို လမ်းပြန်ဖွင့်မယ်ဆိုရင် အကောင်းဘက်ကို ဦးတည်တာပေါ့”ဟု ထိုင်းနိုင်ငံနှင့် ကုန်သွယ်နေသည့် ကုန်သည်တစ်ဦးက MT News ကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က အာရှလမ်းပေါ်ရှိ တပ်မတော်စခန်းများကို အကြမ်းဖက်မှုကိုလိုလားသော KNU နှင့် PDF ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ကာ ယာယီ စိုးမိုးခဲ့သည့်အတွက် တပ်မတော်ဘက်က ပြန်လည် တိုက်ခိုက်ခဲ့ရာ၂၀၂၅ ခုနှစ် ဇူလိုင်တွင် ပြန်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အာရှလမ်းမကြီးသည် ရန်ကုန်-သီလဝါအထူးစီးပွားရေးဇုန်မှ ကရင်ပြည်နယ် မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းသို့ ဆက်သွယ်ထားသော ရန်ကုန်-ပဲခူး-ကျိုက်ထို-သထုံ-ဘားအံ-မြဝတီ ချိတ်ဆက်ထားသော အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးလည်းဖြစ်သည်။
