၁.၄.၂၀၂၆
Written by KL
၂၂ ဘီး တွဲကားယာဥ်မောင်းက ဆဲဆိုခြင်းအပါအဝင် နိုင်ထက်စီးနင်းများပြုလုပ်ခဲ့သည်ဟုဆိုကာ ယာဥ်နောက်လိုက်က တုဖြင့်ထုပြီး ကတ်ကြေးဖြင့် ထိုးသတ်မှု မတ်လ ၃၀ ရက် ည ၁၁ နာရီခန့်က ပဲခူးမြို့နယ်၊ အင်းတကော်မြို့အမှတ်( ၁ )ရပ်ကွက်၊ ဆယ်မိုင်ကုန်း၊ ရန်ကုန်-မန္တလေးလမ်းဘေးတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
အသတ်ခံရသူယာဥ်မောင်းမှာ အသက် ၃၁ နှစ်အရွယ် ကိုမိုးမြင့်ဦးဖြစ်ပြီး မြစ်သားမြို့နယ်တွင် နေထိုင်သူဖြစ်ကာ ၂၂ ဘီးတွဲကား၏ ခေါင်းခန်းတွင် အိပ်ပျော်နေစဥ် အသတ်ခံရခြင်းဖြစ်သည်။

ယာဥ်မောင်းဖြစ်သူ ကိုမိုးမြင့်ဦးက အသက် ၂၂ နှစ်အရွယ် ကိုသန်းကျော်ကို ဆဲဆိုခြင်း၊ လည်ပင်းညှစ်ခြင်း၊ နိုင်ထက်စီးနင်း ပြောဆိုခြင်းများအပေါ် မကျေနပ်သဖြင့် ဆီဆိုင်တွင် ကားဆီဖြည့်ရန် ညအိပ်ရပ်နားထားချိန် ယာဥ်မောင်းအိပ်ပျော်နေခိုက် ယာဥ်နောက်လိုက်က တူဖြင့်ထုကာ ကတ်ကြေးဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။
ကတ်ကြေးဖြင့်အထိုးခံရသူယာဥ်မောင်း ကိုမိုးမြင့်ဦးတွင် ညာလက်မောင်းရင်း ပြတ်ရှဒဏ်ရာ ၂ ချက်၊ ညာဘက်ဂုတ်ပိုးတွင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊လည်ပင်းညာဖက်တွင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာနားထင်ပြတ်ရှဒဏ်ရာ ၂ ချက်၊ စုစုပေါင်းထိုးသွင်းပြတ်ရှဒဏ်ရာ ၆ ချက်ဖြင့် မှောက်လျက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျုးလွန်သူ ကိုသန်းကျော်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အင်းတကော်နယ်မြေရဲစခန်းက အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
