◾️ နယ်မြို့များမှ ဝယ်ယူလိုသူများ ရောင်းချပေးမည့်မြေဩဇာအမျိုးအစားနှစ်ခုကို ကိုယ်စားလှယ်ယူထားသူများ၏ မြို့နယ်ဆိုင်ခွဲများတွင် ဝယ်ယူနိုင်မည်
၁. ၄. ၂၀၂၆
Written by Nyein Kyaw
တောင်သူလယ်သမားများ အဓိကလိုအပ်သည့် ဓာတ်မြေဩဇာနှစ်မျိုးအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ယနေ့မှစတင်၍ တစ်လတိတိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) မှ အသိပေးထုတ်ပြန်ထားသည်။
ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း (MFSPEA)အနေဖြင့် တောင်သူများ အဓိကသုံးစွဲလျက်ရှိသော မြေဩဇာနှစ်မျိုးကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ယနေ့ ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ ရောင်းချရန် အသင်းဝင်ကုမ္ပဏီများသို့ ညွှန်ကြားထားကြောင်း ထုတ်ပြန်ထားသည်။

ရောင်းချပေးမည့် မြေဩဇာနှစ်မျိုးနှင့် ရန်ကုန်အထိုင်လက္ကားဈေးနှုန်းများမှာ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်ကို ၉၄,ဝဝဝ ကျပ်နှင့် DI Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ကို ၁၁၅,၀၀၀ ကျပ်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အထက်ပါ ဈေးနှုန်းများသည် ရန်ကုန်အထိုင်လက္ကားဈေးနှုန်း လက်ငင်းငွေချေစနစ်ဈေးများဖြစ်ပြီး အဆိုပါဈေးနှုန်းများသည် ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်များ အပေါ်တွင်မူတည်၍ ဈေးနှုန်းကွာခြားနိုင်ကြောင်း အသိပေးထားသည်။
“ရည်ညွှန်းဈေးနှုန်းနဲ့ ဝယ်ချင်လို့ရှိရင် ရန်ကုန်မှာက ရည်ညွှန်းဈေးနှုန်း ထုတ်ပြန်ထားတဲ့ကုန်ပစ္စည်းရဲ့ ကုမ္ပဏီက ဘယ်မှာဆိုင်ဖွင့်ထားလဲ။ အဲဒီဆိုင်မှာ ကိုယ့်ကားနဲ့ကိုယ် သွားဝယ်မယ်ဆိုရင်တော့ ပိုအဆင်ပြေမယ်။ ရည်ညွှန်းဈေးနဲ့ ဝယ်ချင်တယ်ဆိုရင်။ တခြားမြို့တွေကျတော့ သယ်ယူပို့ဆောင်ရေး၊ တခြားဝန်ဆောင်မှုတွေ တစ်ဆင့်စီသွားရတာမို့ ဈေးနှုန်းကတော့ ပြောင်းလဲမှုရှိမယ်။ နယ်မြို့တွေကြတော့ ဒီအမျိုးအစားနှစ်ခုကို ကိုယ်စားလှယ်ယူထားတဲ့ ဆိုင်ခွဲတွေမှာ ဝယ်ယူနိုင်ပါတယ်” ဟု MFSPEA မှ တာဝန်ရှိသူက ပြောသည်။
Complex ၁၅ ပတ်လည်မြေဩဇာကို ရည်ညွှန်းဈေးနှုန်း သတ်မှတ်ခြင်းမရှိကြောင်းနှင့် ရည်ညွှန်း ဈေးနှုန်းများနှင့်အညီ ရောင်းချခြင်းမရှိပါက ဦးဆောင်ကော်မတီ ဖုန်း-၀၆၇-၄၁၀၀၃၅ နှင့် MFSPEA အသင်း ဖုန်း-၀၉-၉၈၈၅၃၉၃၆၀၊ ဝ၉-၆၆၅၄၀၇၈၉၀ များသို့ ဆက်သွယ်အသိပေးနိုင်ကြောင်း ဖော်ပြထားသည်။
