


၃၁.၃.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ နာလန္ဒခရိုင်ရှိ Sheetla Mata ဟိန္ဒူဘုရားကျောင်း၌ ယနေ့ မတ်လ ၃၁ ရက်က ပြုလုပ်သော ဆုတောင်းပွဲများအတွင်း လူအုပ်ပြိုမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး အမျိုးသမီး ရှစ်ဦး သေဆုံးခဲ့ရပြီး ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ် နာရိန်ဒြာ မိုဒီကလည်း သေဆုံးသူများ၏ မိသားစုများအား ရူပီး နှစ်သိန်းစီနှင့် ဒဏ်ရာရရှိသူများအား ရူပီး ၅၀,၀၀၀ စီ ထောက်ပံ့ကြေး ပေးအပ်မည်ဟု ကြေညာခဲ့သည်။ ပြည်နယ်အစိုးရကလည်း သေဆုံးသူများ၏ မိသားစုများအား ရူပီး ၆ သိန်းစီ ထောက်ပံ့ကြေး ပေးအပ်မည်ဟု ကြေညာခဲ့သည်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့က အခြေအနေကို ထိန်းချုပ်နိုင်ရန်အတွက် ဘုရားကျောင်းကို ပိတ်လိုက်ရကြောင်း သိရသည်။။ ဒေသခံများက ဘုရားကျောင်းတွင် လူအုပ်ကို ထိန်းချုပ်ရန် သင့်လျော်သော လုံခြုံရေးအစီအစဉ်များ မရှိကြောင်း စွပ်စွဲကြသည်။
နာလန္ဒနှင့် အနီးနားရှိ ခရိုင်များမှ ဘုရားဖူးများသည် အင်္ဂါနေ့တိုင်း မဂါဒါရွာရှိ ဘုရားကျောင်းတွင် ဆုတောင်းရန် စုဝေးကြသည်။ ဖြစ်ရပ်၌ သေဆုံးဒဏ်ရာရသူအရေအတွက် မြင့်တက်လာဖွယ်ရှိကြောင်း လည်း ဘုရားဖူးများက ပြောကြားခဲ့သည်။
ဘီဟာပြည်နယ်၊ အစိုးရအဖွဲက အတွင်းရေးမှူးချုပ်အား ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန်နှင့် အစိုးရထံ အစီရင်ခံစာတင်သွင်းရန် ညွှန်ကြားခြင်း ခံထားရကြောင်း သိရသည်။ ကိုယ်ချင်းစာဝမ်းနည်းမိပါကြောင်း ပြောကြားရင်း ဘီဟာပြည်နယ် ဝန်ကြီးချုပ် နီတစ်ရှ် ကူမာနှင့် ဒုတိယ ဝန်ကြီး ဆမ်ရတ် ချောင်ဒါရီ တို့က ထိခိုက်နစ်နာသူများအား တတ်နိုင်သမျှ အကူအညီများ ပေးအပ်သွားမည်ဟု အာမခံခဲ့ကြသည်။
Ref-The Hindu
